(ဇ)-တိုက်တီးကျေးရွာကျန်းမာရေးဌာနခွဲအဆောက်အဦကိုဆောက်လုပ်ခြင်းမရှိသည့်ကုမ္ပဏီနှင့်တည် ဆောက်မှုပြီးစီးခြင်းမရှိဘဲထောက်ခံပေးသည့်မြို့နယ်အဖွဲ့အစည်းကိုမည်သို့အရေးယူမည်နှင့်ပြီးစီး အောင်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/ မရှိ တို့နှင့်စပ်လျဉ်းသည့် မေးခွန်း

2021-01-05

(ဇ)-ခန္တီးမြို့နယ်၊ တိုက်တီးကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများကိုဆက်လက် ဆောက်လုပ်ခြင်း မရှိသည့် ကုမ္ပဏီနှင့် လုပ်ငန်းတည်ဆောက်မှု ၅၀ ရာခိုင်နှုန်း ပြီးစီးခြင်း မရှိဘဲ ထောက်ခံပေးသည့် မြို့နယ်အဖွဲ့အစည်းအသီးသီးကို မည်သို့  အရေးယူ ဆောင်ရွက်မည်နှင့် ယင်းအဆောက်အဦများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

တိုက်တီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့်ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းကိုတင်ဒါအောင် Naga Brother  ကုမ္ပဏီမှတည်ဆောက်ရေး  လုပ်ငန်း ၅၀ရာခိုင်နှုန်း ပြီးစီးခြင်းမရှိဘဲမြို့နယ်အဖွဲ့အစည်း အသီးသီးတို့၏ ‌ထောက်ခံချက်ရယူပြီး ခွင့်ပြုရန်ပုံငွေ၏ ၅၀ ရာခိုင်နှုန်း ၃၀.၁၂၅ သန်းကိုထုတ်ယူသုံး စွဲထားပြီးဖြစ်ပါကြောင်း၊ ၎င်းတည်ဆောက်ရေးလုပ်ငန်းကိစ္စနှင့်ပတ်သက်ပြီး အဆောက်အဦ ဓာတ်ပုံမှတ်တမ်းနှင့်တကွ ၂၁-၅-၂၀၁၈ ရက်စွဲဖြင့် အဋ္ဌမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြယ်ပွင့်မပြ မေးခွန်းမေးခဲ့ပါကြောင်း၊ ၎င်းမေးခွန်းနှင့် ပတ်သက်၍၂၆-၅-၂၀၁၈ ရက်နေ့ နေ့လယ် ၁:၀၀ နာရီအချိန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လူမှုရေးဝန်ကြီးရုံးခန်း၌ သက်ဆိုင်ရာ ကုမ္ပဏီအား ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း အပြီးဆောင်ရွက်ရန် လူမှု‌ဝန်ထမ်းကြီးကြပ်ရေးဝန်ကြီးက လမ်းညွှန်မှာကြားပြီးဖြစ်ရာ စာချုပ်များ ချုပ်ဆိုလျက် ကုမ္ပဏီမှ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း တိုင်းဒေသကြီး၊ လူမှုဝန်ထမ်း ကြီးကြပ်ရေးဝန်ကြီး ဖြေကြားခဲ့သည်ကို ပြည်ထောင်စု ဝန်ကြီးမှတစ်ဆင့် ၁၇-၇-၂၀၁၈ ရက်စွဲဖြင့် ကြယ်ပွင့်မပြ မေးခွန်းကို ပြန်လည်ဖြေကြားပေးခဲ့ပါကြောင်း၊

ကြယ်ပွင့်မပြမေးခွန်းကို ဖြေကြားပေးခဲ့သည့်အဖြေနှင့် ၂၉-၆-၂၀၂၀ ရက်နေ့အထိ အဆောက်အဦများကိုကုမ္ပဏီမှဆက်လက်ဆောက်လုပ်ခြင်း မရှိသေးကြောင်း၊ ၆-၃-၂၀၂၀ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းတင်ပြီးချိန်မှကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှစတင်ပြီး အဆောက်အဦများကို ပြန်လည်ဆောက်လုပ်နေသည်ဟုသိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ တိုက်တီးကျေးရွာကျေးလက် ကျန်းမာရေးဌာနခွဲအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမှုမရှိပါက ကုမ္ပဏီကို မည်သို့အရေးယူဆောင်ရွက်‌ပေးမည်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးစေရန် မည်သို့စီမံဆောင်ရွက်ပေးမည်တို့ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။