(က)-ပျော်ဘွယ်မြို့နယ်၊ အမှတ် (၈) အထည်စက်ရုံရှိ ဝန်ထမ်းများအတွက် ဆရာဝန် တစ်ဦးခန့်ထား ပေးရန်နှင့် လစဉ်လိုအပ်သော ဆေးဝါးများ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း
(က)-ပျော်ဘွယ်မြို့နယ်၊ အမှတ် (၈) အထည်စက်ရုံရှိ ဝန်ထမ်းများအတွက် ဆရာဝန် တစ်ဦးခန့်ထား ပေးရန်နှင့် လစဉ်လိုအပ်သော ဆေးဝါးများ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် အတွင်းတွင် အမှတ်(၈) အထည်ချုပ်စက်ရုံနှင့် ရမည်းသင်းမြို့နယ်မှ ၎င်း၏ စက်ရုံခွဲ တစ်ခုတည်ရှိပါကြောင်း၊ စက်ရုံများနှင့်ဆက်စပ်ပြီး ဝါစိုက်ကွင်းနှင့် ဝါကြိတ်စက်ရုံများ ရှိပါကြောင်း၊ စက်ရုံများ၌ ၂၀၁၅ ခုနှစ်ကုန်ထိ ဝန်ထမ်း စုစုပေါင်း ၉၆၇ ဦး ရှိပါကြောင်း၊ ဖွဲ့စည်းပုံအရ ပျော်ဘွယ်၏ အင်အားဖြစ်ပါကြောင်း၊ ယခင် ဝန်ထမ်းနေ့စားအလုပ်သမားများ အပါအဝင် ဝန်ထမ်းအင်အား ခြောက်ရာကျော် ရှိပြီး ပျော်ဘွယ်စက်ရုံတွင် လက်ရှိဝန်ထမ်း ၃၄၀ ဦး ရှိပါကြောင်း၊ စက်ရုံဝန်ထမ်းများသည် ၎င်းတို့ လစာ၏ နှစ် ရာခိုင်နှုန်းနှင့် စက်ရုံမှ သုံးရာခိုင်နှုန်း စုဆောင်းပြီး လူမှုဖူလုံရေးအတွက် ရန်ပုံငွေ ထည့်ဝင်လျက်ရှိပါကြောင်း၊ ပျော်ဘွယ်စက်ရုံသည် လစဉ် ပျမ်းမျှ ငွေကျပ် ၂.၈၅၃ သန်း ထည့်ဝင်လျက် ရှိသည်ကို သိရပါကြောင်း၊ စက်ရုံ ဝန်ထမ်းများအတွက် ဖွင့်လှစ်ထားသည့် လူမှုဖူလုံရေး ဆေးခန်းနှင့် ရုံးသည် စက်ရုံနှင့် ၂၈ မိုင်ခန့်ဝေးသည့် မိတ္ထီလာ မြို့နယ်တွင်တည်ရှိပြီး ဝန်ထမ်းများနာဖျား မကျန်းမာဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းစသည့် အခြေအနေဖြစ်ပေါ်သည့်အချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုပြသလိုပါကလူမှုဖူလုံရေးဆေးခန်းရှိသည့် မိတ္ထီလာမြို့ကို သွားရောက်ဆောင်ရွက်ရကြောင်း၊ ထို့ပြင်ဆေးခွင့်ကိစ္စ၊ လူမှုဖူလုံရေးရုံး ကိစ္စများအတွက်လည်း မိတ္ထီလာမြို့ကိုသာသွားရောက်ဆောင်ရွက်ရကြောင်း၊ အရေးပေါ်အခြေအနေနှင့် ရောဂါဝေဒနာများ ပြင်းထန်လာပါက မိတ္ထီလာ လူမှုဖူလုံရေး ဆေးခန်းမှတစ်ဆင့် မန္တလေးအလုပ်သမား ဆေးရုံကြီးကို သွားရောက်ကုသရသည်ကို သိရပါကြောင်း၊ စက်ရုံနှင့် အလှမ်းဝေးသည့် လူမှုဖူလုံရေး ဆေးခန်းကို သွားရောက်သည့်ခြင်း တစ်ကြိမ်နှင့် ပြီးဆုံးသည်များ ရှိသော်လည်း တစ်ကြိမ်တည်းဖြင့် ပြီးဆုံးခြင်း မရှိဘဲ ဆေးခန်းတွင် ဆရာဝန် မရှိခြင်း၊ ရောဂါသက်သာမှု မရှိခြင်း စသည့် အခြေအနေများအပေါ် မူတည်ပြီး အလုပ်သမားများသည် အကြိမ်ကြိမ် အခါခါသွားရခြင်းများကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ အခြေအနေ ကြုံတွေ့သည့်အချိန်တွင် ဝန်ထမ်းအလုပ်သမားများသည် ငွေကြေး ကုန်ကျမှုများ၊ အချိန်ကုန် လူပင်ပန်းဖြစ်မှုများ၊ အခက်အခဲများစွာ ရင်ဆိုင်တွေ့ကြုံတွေ့နေရသည်ကို သိရပါကြောင်း၊
ပျော်ဘွယ်အမှတ်(၈)အထည်ချုပ် စက်ရုံ၏ဖွဲ့စည်းပုံသည် ဌာနငါးခု ရှိပါကြောင်း၊ အုပ်ချုပ်ရေးဌာနအောက်ရှိ ကျန်းမာရေးဌာနခွဲတွင် ဝန်ထမ်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် ဆရာဝန်တစ်ဦး၊ သူနာပြု အဆင့်(၂)တစ်ဦးနှင့် အဆင့်(၃)တစ်ဦးတို့ ဖွဲ့စည်းပါရှိပါကြောင်း၊ ယခင်ကာလ ဖွဲ့စည်းပုံအရ စက်ရုံတွင် လက်ထောက် ဆရာဝန် တစ်ဦးနှင့် သူနာပြု နှစ်ဦး ခန့်ထားပြီး စက်ရုံရှိ ဝန်ထမ်းများ၊ အလုပ်သမားများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ သို့သော် ၎င်းလက်ထောက်ဆရာဝန်သည် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ခန့်တွင် ပြောင်းရွှေ့သွားပြီး လက်ရှိစက်ရုံတွင် သူနာပြု အဆင့် (၃) တစ်ဦးသာကျန်ရှိကြောင်း၊ ၎င်းစက်ရုံ ဆေးခန်းရှိ သူနာပြု အဆင့်(၃) ဆရာမတစ်ဦးသည် သာမာန် ထိခိုက်မှုနှင့် ဖျားနာရောဂါများကို နေ့စဉ်ကြည့်ရှု ကုသပေးလျက် ရှိပါကြောင်း၊ သို့သော်ဝန်ထမ်းများအတွက် လိုအပ်သည့် ဆေးဝါးကို နိုင်ငံတော်က ချီးမြှင့်ထောက်ပံ့ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် စက်ရုံမှ ရန်ပုံငွေနှင့် စက်ရုံရှိ စေတနာရှင် ဝန်ထမ်းများမှ လှူဒါန်းသည့် ငွေဖြင့်သာလိုအပ်သည့် ဆေးဝါးများကို ဝယ်ယူပြီး အသုံးပြုကုသလျက်ရှိကြောင်း၊ ထို့ကြောင့် ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် အမှတ်(၈) အထည်ချုပ်စက်ရုံတွင် အလုပ်သမားဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုကို ထိရောက်စွာရရှိခံစား နိုင်စေရန်အတွက် စက်ရုံ၏ ကျန်းမာရေးဌာနခွဲတွင် လစ်လပ်လျက်ရှိနေသည့် ဆရာဝန်တစ်ဦးကို ခန့်ထားပေးရန်နှင့် လစဉ်ဆေးခန်းအတွက် လိုအပ်သည့် ဆေးဝါးများကိုလည်း နိုင်ငံတော်က ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုသည့်အတွက် မေးမြန်းပါသည်။