(ခ)-ပန်းတောင်းမြို့နယ်၊ ရွာသာယာအုပ်စုရှိ ဖိုးဦးတောင်စေတီတော်၏ သာသနာမြေသည် ကျဉ်းမြောင်း နေပါသဖြင့် မူလဧရိယာသတ်မှတ်ချက်အတိုင်းဖြစ်အောင် ပြန်လည်စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

(ခ)-ပန်းတောင်းမြို့နယ်၊ ရွာသာယာအုပ်စုရှိ ဖိုးဦးတောင်စေတီတော်၏ သာသနာမြေသည် ကျဉ်းမြောင်း နေပါသဖြင့် မူလဧရိယာသတ်မှတ်ချက်အတိုင်းဖြစ်အောင် ပြန်လည်စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မေးခွန်းပါ စေတီတော်မြတ်ကြီးသည် ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှားရှိစဉ်က နှစ်ကြိမ်တိုင်ကြွရောက် ပြီး ဗျာဒိတ်ပေးတော်မူခဲ့သည့် တောင်တော်ပေါ်တွင်တည်ရှိပြီး သက္ကရာဇ် ၁၁၃၆ ခုနှစ်တွင် ဆင်ဖြူရှင် မင်းတရားကြီးမှ မွမ်းမံပြင်ဆင်ခဲ့ကြောင်း စေတီတော်ကြီး၏သမိုင်းအရသိရှိရပါကြောင်း၊ သမိုင်းအမွေအနှစ်အဖြစ် ကျန်ခဲ့၍ လုပ်ယူမရသည့် တန်ဖိုးကြီးမားလှသော ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင်တစ်ဆက်တည်းဒေသတွင်တည်ရှိနေသည့် နိုင်ငံ ကျော်ရွှေပုံတောင်မုနိဘုရားနှင့်အတူ နိုင်ငံတော်ဘုရားဖြစ်လာပါကြောင်း၊ သို့သော်ဘက်စုံဖွံ့ဖြိုးမှု အဘက်ဘက်ကလိုအပ်နေခဲ့ခြင်းကြောင့် သာသနာပွင့်လင်းမှုနည်းခဲ့ရကြောင်း၊

ဖိုးဦးတောင်သာသနာပွင့်လင်းရန် တာဝန်ရှိသူများအားလုံးက ဘက်စုံဖွံ့ဖြိုးမှုအတွက် လိုအပ်ချက် များကိုကြိုးစားဆောင်ရွက်ခဲ့ရာ လျှပ်စစ်မီးလည်းရရှိပြီဖြစ်သလို လမ်းပိုင်းတချို့လည်းကောင်းမွန် လာပြီဖြစ်ပါကြောင်း၊သို့သော် ဖိုးဦးတောင်စေတီတော်၏ သာသနာမြေသည် ဒေသသတ်မှတ်ချက် အရလွန်စွာကျယ်ဝန်းလှသော်လည်း တရားဝင်သာသနာမြေတွင် ဘုရားရင်ပြင်ပေါ်ရှိသည့် အလွန် ကျဉ်းမြောင်းလှသော၀.၁၀ဧကသာရှိပါကြောင်း၊ ဂေါပကအဖွဲ့မှ ဖိုးဦးတောင်သာသနာမြေအတွက် လျှောက်ထားသည့်မြေပုံကြမ်းတွင်ဧက ၁၀၀ ကျော်ရှိပြီး ဧက ၂၀ ကျော်တွင် တောင်သူများ၏ တရားဝင်လုပ်ကိုင်စားသည့် မြေများဖြစ်နေသည်ကို သိရှိရပါကြောင်း၊ထို့ကြောင့် တရားဝင် သာသနာမြေ သတ်မှတ်ချက်မရှိလျှင် တရားဝင်ယာမြေများ၊ မြေလွတ်၊ မြေရိုင်းများလျှောက်ထားပြီး လုပ်ကိုင်စားနိုင်ခြင်းကြောင့် သာသနာပွင့်လင်းမှုအတွက် အနှောင့်အယှက်၊ အဟန့်အတား ဖြစ်စေနိုင်ပါကြောင်း၊

မေးခွန်းကို မိမိမေးမြန်းပြီးသည့်နောက်ပိုင်းတွင် မြို့နယ်မှတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များ၊ ဒေသခံများမှ သာသနာမြေရရှိရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက်တိုင်းတာခြင်းများ၊ အမှုတွဲ များ တည်ဆောက်ပြီး တရားဝင်သာသနာ မြေဖြစ်အောင် ဆောင်ရွက်ခြင်းများရှိခဲ့ပါကြောင်း၊ မိမိတာဝန်ရှိနေသည့်အချိန်တွင် ဖိုးဦးတောင်သာသနာပွင့်လင်းနိုင်ရန်အတွက် လိုအပ်နေသည့် တရားဝင်သာသနာမြေရရှိရေးအတွက် ပန်းတောင်းမြို့နယ်၊ ရွာသာယာအုပ်စုရှိဖိုးဦးတောင်စေတီ တော်၏ သာသနာမြေသည် ကျဉ်းမြောင်းနေပါသဖြင့် မူလဧရိယာသတ်မှတ်ချက်အတိုင်း ဖြစ်အောင် ပြန်လည်စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်းပါသည်။