(က)-ငပုတောမြို့နယ်ရှိ ပုသိမ်-သလပ်ခွာ-မော်တင်စွန်းလမ်းသို့ ဆက်သွယ်ထားသော ငရုတ်ကောင်း- ငရုတ်ကောင်း(တောင်)လမ်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ဖောက်လုပ်ပေးနိုင်နှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-27

ပြည်ထဲရေးဝန်ကြီးဌာန၏ ၁-၄-၂၀၁၄ရက်နေ့တွင် ထုတ်ပြန်သည့်ကြေညာစာအမှတ်၊ ၁၀၀/၂၂-၃၅၈ U ၁ အရ ငရုတ်ကောင်းမြို့နယ်အဆင့်သို့လည်းကောင်း၊ ကြေညာချက်အမှတ်၊ ၁၀၀/၂၄-၅၀ U ၁ အရ ငရုတ်ကောင်းမြို့ အဖြစ်သို့လည်းကောင်း တိုးမြှင့်ခြင်းခံခဲ့ရပါကြောင်း၊ ငရုတ်ကောင်းမြို့တွင် ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ရပ်ကွက် နှစ်ခုရှိပြီး ကျေးရွာပေါင်း ၆၈ ရွာရှိပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းများအရ လူဦးရေ ၄၁၁၉၄ ဦး နေထိုင်ပါကြောင်း၊ ငရုတ်ကောင်းမြို့သည် ရိုးမဟုခေါ်သည့် အနောက်ရိုးမတွင် တည်ရှိပြီးဘင်္ဂလားပင်လယ်ကမ်းခြေလည်း တည်ရှိပါကြောင်း၊ မြို့အဖြစ် သတ်မှတ်ထားသော်လည်း လမ်းပန်းဆက်သွယ်ရေးမှ ခက်ခဲကြမ်းတမ်း၍ အန္တရာယ်များလည်း ပြည့်နှက်နေပါကြောင်း၊ လက်ရှိအနေအထားအရ ကျောက်ချောလမ်းအဆင့်သာရှိပါကြောင်း၊ တောင် ကုန်းအတက်အဆင်းများ ထူထပ်သည့်နေရာတွင် ကွန်ကရစ်လမ်းပိုင်းများအဖြစ် စတင်ဆောင်ရွက် နေသည်ကိုတွေ့ရှိရပါကြောင်း၊ ၎င်းလမ်းသည် ရခိုင်ရိုးမတောင်တန်းတောင်ဆွယ်များကို ဖြတ်သန်း ဖောက်လုပ်ထားသည့်အတွက် အကွေ့အကောက်များ ပေါများခြင်း၊ အဆင်းအတက် ကြမ်းတမ်းခြင်း၊ ချောက်ကမ်းပါးများ နက်ရှိုင်းစွာတည်ရှိခြင်းတို့ကြောင့် ယာဉ်အန္တရာယ်များနှင့်လည်း မကြာခဏကြုံတွေ့နေရပါကြောင်း၊ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ယာဉ်မတော်တဆမှုနှင့် လမ်းပိတ်ဆို့မှုများသည် ငါးကြိမ်နှင့်အထက် ရှိခဲ့ပါကြောင်း၊ ကမ်းခြေတစ်လျောက်ရှိ ပြည်သူလူထု၏ ကုန်စည်ပို့ဆောင်ခြင်း၊ တင်သွင်းခြင်းတို့ကို ၎င်းလမ်းတစ်ကြောင်းထဲကိုသာ အားထားအသုံးပြုနေ ရသည့်အတွက်  သယ်ယူပို့ဆောင်ရေးကဏ္ဍသည် မရှိမဖြစ်လိုအပ်သည့် အရေးပေါ်အခြေအနေ ဖြစ် ပါကြောင်း၊ ဆောက်လုပ်ရေးသုံးပစ္စည်းများကို ပင်လယ်လမ်းမှ သယ်ဆောင်မည်ဆိုပါက သယ်ယူ စရိတ်များပြားခြင်း၊ အန္တရာယ်ပေါများခြင်းတို့ကြောင့် ငရုတ်ကောင်း (တောင်)လမ်းအား ကွန်ကရစ် လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့် ပေးနိုင်ရန် မည်ကဲ့သို့အထူးပြုစီမံ ဆောင်ရွက် နေသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။