(ဆ)-ရသေ့တောင်မြို့နယ်၊ ကျီးကျွန်းတာတမံအား တာပုံစံကျပြုပြင်ခြင်းလုပ်ငန်းများအောင်မြင်နိုင်ရေး အတွက် စက်ယန္တရားများဖြင့် စနစ်တကျ ပုံဖော် ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-07-18

ဒေါ်ခင်စောဝေရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင် ကျေးရွာအုပ်စုရှိ ကျီးကျွန်းတာတမံသည် ၁၉၇၇ ခုနှစ်ကပင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းလျက်ရှိသည့် စီမံကိန်းတာတမံ တစ်ခု ဖြစ်ပါကြောင်း၊ အရှည် ၃ မိုင် ၆ ဖာလုံရှိပြီး ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် တာတမံကို ပြုပြင်ထိန်းသိမ်းမှု အားနည်းလာသည့်အတွက် ရေငန်များစီးဝင်လာပြီး ရေတံခါးများမလုံခြင်း၊ မကြာခဏကျိုးပေါက်လာခြင်း တို့ကြောင့် နှစ်စဉ်လိုလို စပါးများပျက်စီးကြပါကြောင်း၊ တာတမံဆည်ဖို့်ထားမှုကို လေ့လာကြည့်သည့်အခါ အမှတ် (၁) ကွန်ကရစ်ရေတံခါးကို ၂၀၀၃ ခုနှစ်နှင့် အမှတ်(၂) ကွန်ကရစ်ရေတံခါးကို ၂၀၁၃ ခုနှစ်တွင် အသီးသီးတည်ဆောက်ပေးခဲ့ပြီး ရေတံခါး၏ တံခါးရွက်ကို သစ်သားအညံ့စားများဖြင့် တပ်ဆင်ထားသည့် အတွက် ကျိုးပျက်သွားသည်ကို တွေ့ရှိပါကြောင်း၊ ၎င်းတာတမံကို ၂၀၁၄-၁၅ ခုနှစ်တွင် ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၆၀ ဖြင့် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ရာတွင်လည်း စက်အားမပါဘဲ လူလုပ်အားဖြင့် ဆောင်ရွက်ခဲ့သည့်အတွက် မြေသားခိုင်မာမှုမရှိဘဲ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာရာ ယင်းအက်ကွဲကြောင်းများကို ပပျောက်အောင်မပြုလုပ်နိုင်သေးပါကြောင်း၊ ထို့ကြောင့် စပါးစိုက်ပျိုးရာတွင်လည်း အဆင်မပြေမှုများ ကြုံတွေ့နေကြရပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျီးကျွန်းတာတမံ ဆည်ဖို့ခြင်း လုပ်ငန်းကို ၄၅ သန်းဖြင့် ဆည်ဖို့ခဲ့ရာတွင်လည်း ပေ ၁၅၀၀ ခန့်ကို လူလုပ်အားဖြင့် ဆည်ဖို့ခဲ့ခြင်းသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက်သာ မျှော်မှန်းပြီး အပေါ်ယံလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိုးရာသီတွင် အကြိမ်ကြိမ်ကျိုးပေါက်ကျနေရာဖြစ်သည့် လပေါ်စားချောင်းမှ အမှတ်(၁) ရေတံခါးအထိ ပေ ၄၀၀၀ခန့်မှ အတွင်း/အပြင်မှာ ရေစီးချောင်းကြီး ဖြစ်ပေါ်နေပြီး မြေတူးစရာနေရာမရှိသည့်အတွက် တာရိုးကိုပုံစံတကျ ဆည်ဖို့ရန် အခက်အခဲရှိနေပါကြောင်း၊ ၎င်းတာရိုးကို သင့်တော်သည့် နေရာသို့ ရွှေ့ပြောင်းဆည်ဖို့ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျီးကျွန်းတာတမံ ရေရှည်တည်တံ့ပြီး လယ်သမားများမှ မိမိပိုင်လယ်များကို စိတ်ချမ်းသာစွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေးနှင့် ပြည်သူ့ဘဏ္ဍာငွေများကို အကျိုးရှိရှိစနစ်တကျ အသုံးပြုနိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင် ကျေးရွာအုပ်စုရှိ ကျီးကျွန်းတာတမံကို တာပုံစံကျကျပြုပြင်ခြင်းလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် စက်ယန္တရားများဖြင့် စနစ်တကျပုံဖော် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။