(င)-သမဝါယမ ချေးငွေများကို မည်သို့ ချေးထားပါ သနည်း၊ အသင်းသား၊ အသင်းသူသစ်များ ထပ်မံ တိုးချဲ့၍ ပွင့်လင်းမြင်သာစွာချေးပေးရန်အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-07-13

photoတရုတ်ပြည် Excel ဘဏ်မှ ချေးယူထားသောငွေများကို သမဝါယမဦးစီးဌာနက တာဝန်ယူ၍ ပြည်သူများထံ ချေးငှားထားပါကြောင်း၊ ချေးငှားသည့် နေရာတွင်လည်း ပွင့်လင်းမြင်သာမှု မရှိပါကြောင်း၊ ချေးငှားရသည့် ရည်ရွယ်ချက်က ဆင်းရဲ မွဲတေမှုများ လျော့ကျရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်လာရန် ချေးငှားခြင်းဖြစ်သော်လည်း အမှန်တကယ်ချေးငှားသည့်အခါ လက်သင့်ရာကိုသာ အဓိကထား ချေးငှားသည်ကို တွေ့ရှိရပါကြောင်း၊

ပြည်သူရွေးချယ်ထားသည့် အရပ်သားအစိုးရလက်ထက်တွင် ပွင့်လင်းမြင်သာပြီး ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရရှိလာသည့် တိုးနှုန်းများကို တိုင်းပြည်အတွက် မည်ကဲ့သို့သုံးစွဲမည်ကိုလည်း ပြည်သူအများသိရှိအောင် ချပြရန်လည်း လိုအပ်ပါ ကြောင်း၊ နိုင်ငံတကာချေးငွေများထဲတွင် ယခုချေးထားသည့် တရုတ်ချေးငွေသည် အတိုးနှုန်း အမြင့်ဆုံးဖြစ်သည့်အတွက် အကျိုးရှိရှိအသုံးချရန် လိုအပ်ပါကြောင်း၊ သမဝါယမချေးငွေများကို ပြန်လည်စိစစ်သုံးသပ်ပြီး ကျေးရွာရပ်ကွက်ရှိ အဖွဲ့အစည်းများကို စနစ်တကျ ပြန်လည်ဖွဲ့စည်းရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ အခြေခံလူတန်းစားများဖြစ်သည့် ကျေးလက်နေပြည်သူလူထု ဆင်းရဲ မွဲတေမှုလျှော့ချရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ရန်နှင့် ပြည်သူလူထုမှ ယုံကြည်သော ကော်မတီများ ဖွဲ့စည်း၍ပွင့်လင်းမြင်သာစွာ ချေးငှားပေးရန်အတွက် သမဝါယမ ချေးငွေများကို မည်သို့ချေးထားပါသနည်းနှင့် အသင်းသား/သူများကို ထပ်မံတိုးချဲ့၍ ပွင့်လင်းမြင်သာစွာ ချေးပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။