(စ)-ရေချိုရရှိရန် ခက်ခဲသည့် ပင်လယ်နှင့် နီးစပ် နေသော ကျေးရွာများအတွက် စက်တပ်ရေနက် တွင်းကြီးများ တူးဖော်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အချို့သော ကျေးရွာများသည် ပင်လယ်ကမ်းခြေ ပတ်ဝန်းကျင်များ တည်ရှိနေခြင်းကြောင့် ရေချိုရရှိရန် ခက်ခဲပါကြောင်း၊ ရာသီဥတု တဖြည်းဖြည်း ပြောင်းလဲပြီး နွေရာသီများတွင် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန်၊ စမ်းချောင်းများ ခမ်းခြောက်လာပါကြောင်း၊ အချို့ကျေးရွာများတွင် ရေကန်များ ပိုမို တူးဖော်လာသော်လည်း လူဦးရေတိုးမြင့်လာခြင်းကြောင့် ရေလုံလောက်မှု မရှိပါကြောင်း၊ တူးဖော်ထားသည့် ရေကန်များတွင် နုန်းမြေများပြားလာခြင်း၊ ရေကန်ပေါင်ခတ်ထားခြင်းမရှိသည့်အတွက် ကျွဲ၊ နွားများ ဝင်ရောက်သောက်သုံးပြီး ရောဂါပိုးများဝင်ရောက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ နှစ်စဉ်ကြုံတွေ့နေရပါကြောင်း၊
ပေါင်မြို့နယ်ရှိ ကျေးရွာပေါင်း ၅၇ ရွာတွင် တစ်ဝက်ကျော်ခန့်သည် ပင်လယ်နှင့် ထိစပ်နေသည့်အတွက် ရေချိုရရှိရန် ခက်ခဲလျက်ရှိပါကြောင်း၊ သောက်သုံးရေသုံးစွဲ ရေရှားပါးသည့်အတွက် အစားအသောက်များ ချက်ပြုတ်ရာတွင် လည်းကောင်း၊ ရောင်းချရာတွင် လည်းကောင်း သန့်ရှင်းစင်ကြယ်စွာ ဆေးကြောနိုင်ခြင်းမရှိဘဲ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားပါကြောင်း၊
နွေရာသီရောက်တိုင်း နိုင်ငံတစ်ဝန်းလုံး ရေပြဿနာဖြစ်ပွားနေသည်ကို သိရှိနေရပါသော်လည်း ကြိုတင်ပြင်ဆင်မှုလုပ်ဆောင်ရန် ဘတ်ဂျက်အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ မြို့ပေါ်များတွင် ရေချိုရရှိရန် ပေတစ်ရာ၊ ပေနှစ်ရာခန့်ဖြင့် ရရှိနိုင်သော်လည်း ပင်လယ်နှင့် နီးစပ်သော ကျေးရွာများတွင် ပေပေါင်းငါးရာအထက်တူးသော်လည်း ရေချိုရရန် သေချာ မှု မရှိပါကြောင်းနှင့် ထိုသို့ ကိစ္စရပ်များအပေါ် ပညာရှင်များနှင့် တိုင်ပင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ရေအရင်းအမြစ်နှင့် ပူးပေါင်းဆောင်ရွက်သော်လည်း ကုန်ကျစရိတ်သည် သိန်းပေါင်း တစ်ရာ၊ နှစ်ရာခန့်ရှိသည့်အတွက် ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း၊
သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် နွေရာသီမရောက်ခင် ရေအခက်အခဲ ကြုံတွေ့နေရသည့် ပင်လယ်ကမ်းခြေနှင့် နီးစပ်နေသောကျေးရွာများအတွက် ဦးစားပေး စီမံချက်အနေဖြင့် ကြိုတင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း၊ အကယ်၍ စက်ရေတွင်းများ တူးဖော်ချိန်တွင် ရေချိုတူးဖော်ရရှိခြင်းမရှိပါက မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။