(ဂ)-စာပေဟောပြောပွဲများ နှင့်ပတ်သက်၍ စည်း ကမ်းတကျ ရှိစေရေးနှင့် ပါတီတစ်ချို့၏ လက်ကိုင် တုတ်ယန္တရား မဖြစ်စေရေးအတွက် ရည်ရွယ်ချက် ထားရှိပြီး ဥပဒေ တစ်ရပ် ထုတ်ပြန်ရန် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2017-07-13

photoစာအုပ် စာပေများ ဖန်တီးရေးသားကြသည့် စာရေးဆရာကြီးများကို စာဖတ်ပရိသတ်နှင့် ထိတွေ့စေရန်အတွက် စာပေဟောပြောပွဲတွေဟာ မရှိမဖြစ်လိုအပ်သည်ကို လက်ခံပါကြောင်း၊ စာပေဟောပြောပွဲသည် နိုင်ငံအများစုတွင် မရှိသော အစဉ်အလာဖြစ်သော သော်လည်း မြန်မာနိုင်ငံတွင် ၁၂ လရာသီပွဲများနှင့်အတူ နတ်တော်လတွင် စာပြန်ပွဲကျင်းပသည့်  ဓလေ့ရှိ ပါကြောင်း၊ နတ်တော်လ၌ စာပေဟောပြောပွဲများ ကျင်းပခဲ့သည်ကို လေ့လာတွေ့ရှိသော်လည်း ယခုအချိန်တွင် စာပေဟောပြောပွဲတွေကို တစ်နှစ်ပတ်လုံး ကျင်းပနေသည်ကို သိရှိရပါကြောင်း၊

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပါတီကြီးတစ်ခုက အရေးမသာနိုင်သည့် နယ်မြေ ၂၀ ကျော်တွင် စာပေဟောပြောပွဲများ ဆောင်ရွက်မည့် စီမံချက်တွေ ထွက်ခဲ့သကဲ့သို့ ထိုအတိုင်းလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့်အချို့စာရေးဆရာများသည် ပါတီတချို့၏ လက်ကိုင်တုတ် ဖြစ်နေပြီသည်လားဆိုသည်ကို ရှင်းလင်းစွာတွေ့မြင်နိုင်ပါကြောင်း၊ စာပေဟောပြောပွဲများ သွားရောက်နားထောင်ရာတွင် အစိုးရမကောင်းကြောင်းများပြောခြင်း၊ စာပေအနှစ်သာရမရှိဟု ပြည်သူများက ပြောဆိုခြင်း၊ အချို့ဟောပြောပွဲတွင် စပွန်ဆာမရှိခြင်းကြောင့် တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်၊ ငွေ ၁၀၀၀ ကောက်ခံပေးရခြင်းများကို ကြားသိနေရပါကြောင်း၊

စာပေသည် စာပေနှင့် ပြည်သူအတွက်သာ ဖြစ်သင့်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့ တစ်မြို့တွင် စာပေဟောပြောပွဲအတွင်း ဘာသာရေးစော်ကားသည့် စကားများပြောဆိုခဲ့ခြင်း ကြောင့် တရားစွဲခံရသည့်အပြင် ထောင်ကျခံရခြင်း၊ စာရေးဆရာတစ်ယောက်၏ ဆောင်းပါး တစ်ခုတွင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ၌ လူထုချစ်‌သောပါတီက ကိုယ်စားလှယ်အနိုင်ရသည်ကို မြင်လိုကြောင်း၊ စစ်မှန်သော ပြည်သူ့ကိုယ်စားလှယ်ကသာ ဒေသအကျိုးကို ဆောင်ရွက်နိုင်ပြီး မြို့နယ်ဂုဏ်ကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ လူရွေးမမှားစေချင်ကြောင်း ပြောဆိုပြီး မဲဆွယ်ခဲ့ ခြင်းများသည် စာရေးဆရာများ၏ လုပ်ပိုင်ခွင့် မဟုတ်သည်ကို အားလုံး လည်းသိရှိပြီး ဖြစ်ပါ ကြောင်း၊

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် စာပေဟော ပြောပွဲ များကို ရပ်/ကျေးဥပဒေထုတ်ပြန်ပြီးသည့်အခါ ပိုမို Relax ဖြစ်လာလိမ့်မည်ဟု ဖြေကြားခဲ့ သည်ကို လည်း မှတ်သားခဲ့ရပါကြောင်း၊          မိမိအနေဖြင့် စာပေဟောပြောပွဲများသည် တိုင်းပြည်နှင့် လူမျိုး အတွက် အရေးကြီးသည့်ကိစ္စဖြစ်သည့်အတွက် ရပ်/ကျေးဥပဒေ၏ လုပ်ပိုင်ခွင့်အနေဖြင့် မဟုတ်ဘဲ သီးခြားစာပေဟောပြောပွဲဥပဒေတစ်ရပ် ပြဋ္ဌာန်းသင့်သည်ဟု ထင်မြင်မိပါကြောင်း၊ ဥပဒေကသာ လျှင် Binding Power အရှိဆုံးဖြစ်ပါကြောင်းနှင့် ပြဿနာဖြစ်မှ Existing Law များမှ ဆက်စပ်သည့်ပုဒ်များကို ရှာဖွေဆွဲထုတ်အရေးယူရခြင်းသည် ဆန်စင်ရာကျည်ပွေ့လိုက်သကဲ့သို့ ဖြစ်နေပါကြောင်း၊ စာပေဟောပြောပွဲဥပဒေတစ်ရပ်ရေးဆွဲကျင့်သုံးခြင်းသည် ရေရှည်တွင် လူ့အဖွဲ့ အစည်းအတွင်း အိန္ဒြေရပြီး ရင့်ကျက်တည်ငြိမ်စွာနှင့် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် စာပေဟောပြောပွဲဥပဒေတစ်ရပ် ရေးဆွဲ ထုတ်ပြန်ကျင့်သုံးရန် အတွက် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။