(ခ)-အမျိုးသားစာပေဆုချီးမြှင့်ရာတွင် လေးလုံးစပ်၊ အစဉ်အလာကဗျာများနည်းတူ ခေတ်ပေါ်ကဗျာများ ကိုလည်း ထည့်သွင်းချီးမြှင့်ရန် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2017-07-13

photoနိုင်ငံတော်က မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နှစ်စဉ်အမျိုးသားစာပေဆုများ ချီးမြှင့်လျက်ရှိသည့်ဆုများသည် ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ သုတပဒေသာ၊ ဘာသာပြန်၊ ကလေးစာပေ၊ ပြဇာတ်စာပေ၊ နိုင်ငံရေးစာပေစသည်တို့ဖြစ်ပါကြောင်း၊

ကဗျာသည် ရသစာပေ၏အညွန့်အဖူး၊ ကောက်စိုက်တေးများ၊ စစ်ချီတေးများနှင့်  သားချော့တေးများက ဆင်းသက်လာသော လူထုတေးသံဖြစ်ပါကြောင်း၊ ကဗျာဆရာ များသည် ကဗျာကိုလက်နက်သဖွယ် ကိုင်စွဲပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှု၊ အာဏာရှင်စနစ်တိုက်ဖျက်ရေး စသည့်တိုက်ပွဲများတွင်  ပါဝင်ခဲ့ကြပါကြောင်း၊

စာပေနှင့်ဘာသာစကားသည် မည်သည့်အခါမျှရပ်တန့်မသွားပါကြောင်း၊ မြန်မာစာပေသည်လည်း အမြဲရှင်သန်ဖွံ့ဖြိုး တိုးတက်နေရာတွင် စကားပြေဘက်တွင် ပြောင်းလဲတိုးတက်မှုများရှိသကဲ့သို့ ကဗျာဘက်တွင်လည်း တိုးတက်ပြောင်းလဲမှုများရှိပါကြောင်း၊ ၁၉၇၀ ခုနှစ်ခန့်ကစပြီး ကဗျာဟောင်း များထဲမှ  ကဗျာသစ်များခွဲထွက်လာပါကြောင်း၊ တော်လှန်ကဗျာ၊ လွတ်လပ်ကာရံကဗျာ၊ ခေတ်ပေါ်ကဗျာ များ အစပျိုးခဲ့ပါကြောင်း၊ ယခုအခါ မြန်မာစာပေလောကတွင် ခေတ်ပေါ်ကဗျာ၏အခန်းကဏ္ဍက အလွန်ကြီးမားကျယ်ပြန့်လာပါကြောင်း၊ လူထု၏ဘဝကိုလည်း များစွာထင်ဟပ်ပါကြောင်း၊ ပြီးခဲ့သည့် မတ်လ ၂၁ ရက် ကမ္ဘာ့ကဗျာနေ့တွင် ကဗျာဆရာများသမဂ္ဂက ထုတ်ပြန်ကြေညာချက်တွင် ခေတ်ပေါ် ကဗျာများကို အမျိုးသားစာပေဆု ချီးမြှင့်ရန် တိုက်တွန်းထားပါကြောင်း၊ အမျိုးသားစာပေဆု ရွေးချယ်ရေး ကော်မတီ၏ မှားယွင်းမှု၊ ကော်မတီ၏ ပေါ်လစီမှားယွင်းမှုတို့ကြောင့် လူတစ်ယောက်တည်းက ကဗျာဆုကို ထပ်ခါထပ်ခါရနေခြင်းမှာမဖြစ်သင့်ပါကြောင်း၊ ကဗျာဆုရွေးချယ်ရာတွင် စကားလုံး၊ အတွေး၊ အာရုံခံစားမှု၊ လင်္ကာမြောက်မှုစသည့် အချက်များထည့်သွင်းပြီး ရွေးမှသာလျှင် ပြည်သူလူထုနှင့် မကင်းကွာသည့် ကဗျာများပေါ်ထွက်လာမည် ဖြစ်ပါကြောင်း၊ မြန်မာစာတိုးတက်ဖွံ့ဖြိုးရန်အတွက် အမျိုးသားစာပေဆု ချီးမြှင့်ရာတွင် အစဉ်အလာ ကဗျာများနည်းတူ ခေတ်ပေါ်ကဗျာများကိုလည်း ထည့်သွင်းချီးမြှင့်ရန် အစီအစဉ်ရှိ/မရှိ  သိရှိလိုကြောင်း မေးမြန်းပါသည်။