(င)-BOTစနစ်ဖြင့်လုပ်ကိုင်ခွင့် ပေးထားသောလမ်း များ၏အရည်အသွေးသည် ပြည်သူများ ပေးဆောင် နေရသည့် လမ်းအသုံးပြုခ နှုန်းထားများနှင့် ထိုက် တန်မှု မရှိ ဖြစ်နေခြင်းများကို မည်ကဲ့သို့ စိစစ်ကြပ် မတ်ဆောင်ရွက်မည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2017-07-12

photoပဲခူးတိုင်းဒေသကြီးအတွင်း  B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီ ၆ ခု ရှိပါကြောင်း၊ မိမိတို့ပဲခူးတိုင်း အနောက်ခြမ်းတွင် မက်(စ်) ကုမ္ပဏီနှင့် နေလသစ္စာ ကုမ္ပဏီတို့က လမ်းများကို B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ပြည်သူများသည် ယခုအချိန်တွင် ပေးဆောင်ရသည့် လမ်းအသုံးပြုခများသည် အရင်ကထက်ပိုပြီး ပေးဆောင်နေရပါကြောင်း၊ သို့သော် လမ်းများကို ထိန်းသိမ်းပြုပြင်သည့် အရည်အသွေးက ပေးဆောင်ရသည့် လမ်းအသုံးပြုခများနှင့် နှိုင်းဆမည်ဆိုပါက ထိုက်တန်မှုမရှိပါကြောင်း၊ မိမိတို့ဘက်မှလည်း B.O.T စာချုပ်ချုပ်သည့် စာချုပ်ပါအချက် အလက်များကို ပြည်သူများမေးသည့်အခါ ၎င်းအချက်အလက်များကို သိရှိရခြင်းမရှိပါကြောင်း၊ ရန်ကုန်-ပြည်လမ်းရှိ ဇီးကုန်း တိုးလ်ဂိတ်ဆိုလျှင် လမ်းပေါ်ဖြတ်သန်းရခြင်း မရှိသည့် မြို့ဝင်ကြေးများကိုပါ ကောက်ခံနေသည်ကို တွေ့ရှိရပါကြောင်း၊ မက်(စ်)က တာဝန်ယူထားသည့် ရန်ကုန်- ပြည်-မကွေးလမ်းပိုင်းတွင် ပြည်မြို့၏ အရှေ့ဘက်ထွက်ပေါက်ဖြစ်သည့် ပြည်-အောင်လံ လမ်းပေါ်တွင် တိုးလ်ဂိတ်တစ်ခု၊ အနောက်ဘက်ထွက်ပေါက်ဖြစ်သည့် ပြည်-ရန်ကုန်လမ်းပေါ်ရှိ ပြည်နှင့်ရွှေတောင်ကြားတွင် တိုးလ်ဂိတ်တစ်ခု၊ မိမိတို့မြို့ရှိ ၃ မိုင် ၆ ဖာလုံခန့် မြို့တွင်းလမ်း အဝင်အထွက်နှစ်ခုတွင် တိုးလ်ဂိတ်နှစ်ခုတို့ ရှိသည့်အတွက် ရှိနေတာလည်း အနီးအနားရှိ ပြည်သူများအတွက် အခက်အခဲတစ်ခုဖြစ်နေပါကြောင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းသည် ယခင်က မြန်မာနိုင်ငံတွင် အကောင်းဆုံးလမ်းဖြစ်ပြီး မိုင်အရှည် ၁၇၅ မိုင်ရှိပြီး မောင်းချိန်လေးနာရီခွဲ ငါးနာရီခန့်သာ မောင်းကြရပါကြောင်း၊

ယခုတွင် လမ်းပိုင်းပျက်စီးမှုများမှာ ရွှေတောင်-ထန်းကုန်းကြားအပိုင်း၊ ရွှေတောင်နှင့်တောင်ကုန်းကြား လမ်းပိုင်း၊ ရွှေတောင်အနားမှာရှိ နတ်တလင်း-ဇီးကုန်းတို့တွင် ပျက်စီးနေသည့် လမ်းပိုင်းများ ၎င်းလမ်းများနှင့်ပတ်သက်၍ လမ်း၏ကတ္တရာဘေးတွင် ကွန်ကရစ်နှင့် လမ်းပခုံးကို ချဲ့ထွင်သည့်အခါ အရည်အသွေးမပြည့်မီသည့် လမ်းမညီမညာမှုများကြောင့် ပြည်သူများအတွက် စိုးရိမ်ရသည့် ယဉ်တိုက်မှုများ ဖြစ်စေမည့် အခြေအနေတစ်ရပ်ဖြစ်နေပါကြောင်း၊ ပြည်မြို့အတွင်းဆိုလျှင် မက်(စ်) က ဆောင်ရွက်ပေးထားသည့် ဗိုလ်ချုပ်လမ်းပိုင်းသည် နိုင်လွန်ကတ္တရာခင်းထားခြင်း မဟုတ်သည့် အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရန်အတွက်လည်း အလွန်ခက်ခဲပါကြောင်း၊ ထို့ကြောင့် ပြည်သူများကိုယ်စား မေးမြန်းလိုသည်မှာ ဘတ်ဂျက်နှစ်တစ်နှစ်တွင် မြို့အတွင်း မိုင်မည်မျှ မိမိတို့ကို ပြုပြင်ပေးမည်နည်း မြို့ချင်းဆက်လမ်းများ မိုင်မည်မျှ ပြုပြင်ပေးမည်နည်း၊ လမ်းအကျယ်မည်မျှ ချဲ့မည်နည်းနှင့် စာချုပ်တွင် မည်မျှရာခိုင်နှုန်း နိုင်ငံတော်ကို ပေးဆောင်သနည်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနသည် B.O.T စနစ်ယူထားသည့် ကုမ္ပဏီများကို အရည်အသွေးပြည့်လမ်းများ၊ လမ်းလိုအပ်ချက်များကို နှစ်ရှည်အတွင်း ပြုပြင်ထိန်းသိမ်းရန်အတွက် မည်ကဲ့သို့ ကြပ်မတ်ဆောင်ရွက်နေသည်ဆိုသည့် အချက်ကိုလည်းသိလိုပါကြောင်း မေးမြန်းပါသည်။