(ဂ)-သက်ဆိုင်ရာကျေးရွာလယ်စီအဖွဲ့၏ထောက် ခံချက်ဖြင့်လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ဝယ် ထားသူ၏ နာမည်ဖြင့် စိုက်ပျိုးစရိတ် ချေးငွေထုတ် ပေးရန်အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2017-07-03

ဒေါ်ချိုချို၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁ လယ်ယာမြေ ဥပဒေအခန်း (၄)၊ ပုဒ်မ ၁၂ အပိုဒ်ခွဲ (ဂ) အရ လည်းကောင်း၊ လယ်ယာမြေဥပဒေအခန်း(၆) ပုဒ်မ ၁၈ အရလည်းကောင်း၊ လယ်ယာမြေနည်းဥပဒေ ၂၄ နည်းဥပဒေခွဲ(က)အရ လည်းကောင်း၊ လယ်သမားများသည် လယ်ယာမြေလုပ်ပိုင်ခွင်‌့ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့ကို ပြုလုပ်နိုင်သည်ကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေတို့တွင် ပြဋ္ဌာန်းပြီးဖြစ်သော်လည်း လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချသည့်အခါတွင် ဖြစ်စေ၊ လဲလှယ်ပေးကမ်းသည့်အခါတွင်ဖြစ်စေ တစ်ပါတည်း ပေးလိုက်သော မူလလယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ ကို လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည် ပြောင်းလဲပြီး လုပ်ဆောင်ခွင်‌့မရရှိခြင်းများ ဖြစ်နေသည့်အတွက် တောင်သူလယ်သမား များသည် ပုံစံ-၇ သာလက်ဝယ်ရှိနေပြီး မူလလယ်ယာမြေ လုပ်ပိုင်ခွင်‌့ရှိသူ၏ အမည်သာ ဖြစ်နေသည့်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူခွင်‌့မရရှိဘဲ မူလအမည်ပေါက်သူ ထုတ်ယူပြီးမှသာ ရရှိနေသည့် အခြေအနေ ဖြစ်နေပါကြောင်း၊ သို့သော် ချေးငွေထုတ်ချေးသည့်အခါ မူလအမည်ပေါက်သူ ခရီးလွန် နေခြင်း၊ အခြားဒေသသို့ပြောင်းရွှေ့သွားခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ချေးငွေလိုက် ထုတ်ပေးနိုင်ခြင်း မရှိသည့်အခါ မူလလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ကို ကိုင်ထားပြီး ချေးငွေ ထုတ်ယူခွင်‌့မရသော အခက်အခဲများ တွေ့ကြုံနေရသည့်အတွက် ဝယ်ယူထားသူများနှင်‌့ လဲလှယ် ပေးကမ်းခြင်း ခံရသူများသည် လယ်ယာမြေလုပ်ကိုင်ခွင့်ရရှိသူအမည် ပြောင်းလဲလို ကြပါကြောင်း၊ လယ်ယာမြေလုပ်ကိုင်ခွင်‌့ရရှိသူ အမည်ပြောင်းလဲပေးရေးအတွက် လယ်ယာမြေကို လွှဲပြောင်းခြင်း၊ ရောင်းချခြင်းအတွက် စာချုပ်ချုပ်ဆိုပြီး သက်ဆိုင်ရာမြို့နယ် မြေစာရင်းဦးစီးဌာနတွင် မှတ်ပုံတင်ပြီးမှ ပုံစံ-၇ ထုတ်ပေးမည်ဟု သိရပါကြောင်း၊ ထိုသို့ မှတ်ပုံတင်ရန် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဒေသန္တရ အခြေအနေအရ ဆီလျော်သောဈေးနှုန်းသတ်မှတ်ပေးသည့် တန်ဖိုးအပေါ် ထိုက်သင်‌့သည့် အခွန် တံဆိပ်ခေါင်းအား ထမ်းဆောင်မှသာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည် ပြောင်းလဲနိုင်မည်ဖြစ် သည်ဟု ပြောကြားပါကြောင်း၊

ယခုအချိန်အထိ လယ်ယာမြေလုပ်ပိုင်ခွင့်ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ လဲလှယ်ခြင်းတို့အတွက် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်တန်ဖိုးများကို သတ်မှတ်နိုင်ရေး ညှိနှိုင်းမှုသည် မပြီးပြတ် သေးဘဲ လယ်သမားများ အခက်ကြုံနေရပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက် ရက်စွဲပါ ဗဟို လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တွင် အမွေဆက်ခံခြင်း၊ မြေယာပြုပြင ပြောင်းလဲခြင်း ကိစ္စရပ်များအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိပြီးသော ဦးပိုင်များအား ခွဲစိတ်ခွင်‌့၊ ပေါင်းစပ်ခွင်‌့တို့အား ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်းဆိုင်ရာ နည်းလမ်းညွှန်ကြားချက် များသာ ပါရှိပါ ကြောင်း၊ မြေပြင်တွင် ဝယ်ယူထားမှုများနှင့် လဲလှယ်ခြင်း၊ ပေးကမ်းခြင်းခံရသူများ လယ်ယာမြေ လုပ်ပိုင်ခွင်‌့ ရရှိသူ အမည်ပြောင်းလဲပေးရန်အတွက် တစ်ဧကကို ၇၀၀၀၀ မှ ၁၅၀၀၀၀ နှုန်းအထိ ပေးဆောင်ရခြင်းများ ရှိကြသကဲ့သို့ လယ်မရှိဘဲ စိုက်ပျိုးစရိတ်ချေးရန်နှင့် လယ်ယာမြေပြဿနာများ မဖြေရှင်းနိုင်သေးခင် ပုံစံ-၇ တွင် ထွက်ရှိနေခြင်းများ များစွာ ရှိနေသည့်အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် အရောင်းအဝယ်စာချုပ် ချုပ်ရာတွင်လိုအပ်သော သက်ဆိုင်ရာ ဒေသန္တရပေါက်ဈေးအပေါ် မူတည်ပြီး အခွန်သတ်မှတ်ခြင်းကို ယခုတိုင်မလုပ် ဆောင်ပေးခြင်းကလည်း အချို့သော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် မြေစာရင်းဦးစီးဌာနကို လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရေးအတွက် တောင်သူ လယ်သမားများထံမှ တစ်ဧကကို မည်သည့်ဈေးနှုန်း သတ်မှတ်ပေးဆောင်စေရန် အခွင့်အရေးပေးနေသကဲ့သို့ ဖြစ်နေပါ ကြောင်း၊

လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ ကို အရပ်ကတိဖြင့် ရောင်းဝယ်ထားသည့်အတွက် သက်ဆိုင်ရာ ကျေးရွာရှိ လယ်စီအဖွဲ့ကလည်း လယ်ယာမြေလုပ်ပိုင်ခွင့် အပြောင်းအလဲကို သိရှိပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများအတွက် မလိုလားအပ်သော ငွေကုန်ကြေးကျမှု မဖြစ်ပေါ် စေရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ဝယ်ယူထားသော တောင်သူ များက ကြုံတွေ့နေရသော အခက် အခဲများကို ပြေလည်စေရန်အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ဝယ်ယူထားသော တောင်သူများ လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်ရန်အတွက် လိုအပ်သော ငွေရေးကြေးရေးအဆင်ပြေစေရန် သက်ဆိုင်ရာကျေးရွာရှိ လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီ၏ ထောက်ခံချက်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ဝယ်ယူထားသူ၏ အမည် ဖြင့်စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။