(စ)-ပြည်တွင်းစက်မှုဇုန် မော်တော်ယာဉ် ပြန်လည် ထုတ်လုပ် ခွင့်ပြုခြင်းနှင့် ပြည်တွင်း စက်မှုဇုန်ထုတ် အမည်ခံ အယောင်ပြ၍ တရားမဝင် တင်သွင်းလာ သော ယာဉ်များအား မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းများ မ ဖြစ်ရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထား သည် နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-07-10

photo၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်မှစပြီး ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်မှုများကို စတင်ခွင့်ပြုခဲ့သည့် အချိန်သည် ပြည်ပမှမော်တော်ယာဉ် တင်သွင်းမှုများကို ကန့်သတ်ထားသော အချိန်ဖြစ်ပြီး ပြည်တွင်းရှိ စစ်ကျန်ဂျစ်ကားများကို အင်ဂျင်နှင့် ကိုယ်ထည်အစိတ်အပိုင်းများ လဲလှယ်ပြုပြင် မွမ်းမံကာ လမ်းကြမ်းများတွင် အသုံးပြုခြင်းဖြင့် များစွာအဆင်ပြေနေချိန်လည်း ဖြစ်ပါကြောင်း၊ ကနဦးတွင် ဂျစ်ကားများကို ပြည်ပမှ တင်သွင်းလာသော အစိတ်အပိုင်းများနှင့် ပြည်တွင်းထုတ် ဘောင်ကိုယ်ထည်များ တွဲစပ်၍ စတင်ထုတ်လုပ်ခဲ့ပါကြောင်း၊ ၂၀၀၃ ခုနှစ်ခန့်တွင် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် စက်မှုဇုန်ထုတ်မော်တော်ကားပြပွဲများ ပြုလုပ်ပြီး ဂျစ်ကားများသာမက Pickup, Wagon, MPV, Mini Bus, Light-Truck နှင့် Truck ကားကြီးများ အထိ ထုတ်လုပ်ခွင့်ပေးခဲ့ပါကြောင်း၊ ရိုးရှင်းသောဂျစ်ကားများ၏ ကိုယ်ထည်ဘောင်များကို ပြည်တွင်းတွင်  ထုတ်လုပ်ရန် လွယ်ကူသော်လည်း အဆင့်မြင့်ကားများ၏ ကိုယ်ထည်ဘောင် များကို အဆင့်မီထုတ်လုပ်နိုင်ခြင်းမရှိပါကြောင်း၊

ကားတင်သွင်းခွင့်ပိတ်ပင်ထားခြင်းကို အခွင့်ကောင်းယူပြီး စက်မှုဇုန်ထုတ် လက်ရိုက်ကိုယ်ထည် ဘောင်များဖြင့် တပ်ဆင်ထုတ်လုပ်ကာ ယာဉ်မှတ်ပုံတင်ခဲ့ပြီး  ခွင့်ပြုပြီး စက်မှုဇုန်ကားမှ ဘောင်နှင့် ကိုယ်ထည်နံပါတ်များကို ဖြတ်ယူပြီး တရားမဝင် တင်သွင်း လာသော ပုံစံတူမော်တော်ယာဉ်များတွင် ဖြတ်၊ ဖောက်၊ ဆက်ပြုလုပ်ကာ ထုတ်လုပ်ရောင်းချသော ဈေးကွက်ကြီးပေါ်ပေါက်လာခဲ့ရပါကြောင်း၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထိုပြောင်းလဲမှုများကို ဒဏ်ကြေးပေးဆောင်စေပြီး RTA ကိုယ်ထည်ဘောင်နံပါတ်များ ရိုက်နှိပ်ပေးပြီး တရားဝင်ဖြစ်စေခဲ့ပါကြောင်း၊ ယာဉ်တင်သွင်းခွင့်ပါမစ်မလို၊ မည်သည့်အခွန်မှ မပေးဆောင်ရဘဲ ဂျပန်ကားများကို ထုတ်လုပ်ရောင်းဝယ်နိုင်ကာ အယောင်ဆောင်စက်မှုဇုန် ကားထုတ်လုပ်မှုဈေးကွက် ကြီးထွားလာခဲ့ရပါကြောင်း၊  ဂျပန် Van car, Wagon ကားများ၏ နောက်ခန်းအပေါ်ပိုင်းကို ဖြတ်ပြီး Pickup ကားအဖြစ် အသွင်ပြောင်းထုတ်လုပ်ခြင်း၊ စက်မှုဇုန်ကားထုတ်လုပ်မှုကို အယောင်ပြပြီး တရုတ်နိုင်ငံထုတ် ကားများကို ပြည်တွင်း၌ တပ်ဆင်ကာ အခွန်ရှောင်ထုတ်လုပ်ခြင်းများလည်း ပေါ်ပေါက်ခဲ့သည့် အကျိုးဆက်မှာ ပြည်တွင်းစက်မှုလုပ်ငန်းများ မှန်ကန်စွာဖွံ့ဖြိုးတိုးတက်လာမှု မရှိခြင်း၊ နိုင်ငံတော် အခွန်ဘဏ္ဍာများ နစ်နာဆုံးရှုံးခြင်း၊ သုံးစွဲသူများ အရည်အသွေးမမီ ဖြတ်၊ ဖောက်၊ ဆက်များကြောင့် ယာဉ်အန္တရာယ်များ ကြုံတွေ့ရခြင်းနှင့် သက်တမ်းမပြည့်မီ ယာဉ်အို၊ ယာဉ်အဟောင်းအဖြစ် ဖျက်သိမ်း လိုက်ရခြင်းများကို တွေ့ရပါကြောင်း၊ နိုင်ငံတော်၏ စက်မှုစီးပွားဖွံ့ဖြိုးမှုကို မည်သို့မျှအထောက်အကူမပြုသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊

လူဦးရေ ၅၂ သန်းရှိပြီး ဒေသတွင်းအချက်အချာကျသော တည်နေရာတွင်ရှိနေသည့်  မိမိတို့နိုင်ငံတွင် မော်တော်ယာဉ်နှင့် အစိတ်အပိုင်းထုတ်လုပ်သော စက်မှုလုပ်ငန်းများ ဝင်ရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် အခွင့်အလမ်းကောင်းများ များစွာရှိနေပါကြောင်း၊ မှန်ကန်သော မူဝါဒများဖြင့် မော်တော်ယာဉ်ထုတ်လုပ်မှု(Global Supply Change) ဝင်ရောက်ရင်းနှီးမြှုပ်နှံစေရေး၊ ပြည်တွင်းထုတ်လုပ်မှုအချိုးအစား(Localization)အားဖြင့် အဆင့် လိုက် ပြည်တွင်းထုတ်လုပ်မှုတိုးတက်ပါဝင်စေရေး၊ ပြည်တွင်းလုပ်ငန်းရှင်များ အရင်းအနှီး၊ နည်းပညာများ ရယူပြီးတော့ ထုတ်လုပ်မှုကွင်းဆက်များ ပါဝင်ခွင့်ရှိစေခြင်းဖြင့် မှန်ကန်သော စက်မှု ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ပြည်တွင်းစက်မှုဇုန်မော်တော်ယာဉ်ထုတ်လုပ်မှု ပြန်လည်ထုတ်လုပ်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်မှာ (၁) ထုတ်လုပ်ခွင့်ပြုသည့် စုစုပေါင်း မော်တော်ယာဉ်အရေအတွက်နှင့် ကိုယ်ထည်အမျိုးအစားများ၊ (၂) ပြည်တွင်းတွင်ထုတ်လုပ်သည့် အစိတ်အပိုင်းနှင့် ပြည်ပမှတင်သွင်းသည့် အစိတ်အပိုင်းအချိုး၊ (၃) အရည်အသွေးစံသတ်မှတ်ချက်များ၊ ဥပမာ အစိတ်အပိုင်းသစ်များ သို့မဟုတ် အသုံးပြုပြီးအစိတ်အပိုင်းများ၊ ကာဗွန်ထုတ်လွှင့်မှု စံသတ်မှတ်ချက်(Imaging Standard)၊ ဘယ်မောင်း သို့မဟုတ် ညာမောင်း၊ (၄) ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ (၅) ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လုံခြုံစိတ်ချမှုရှိစေရေး(Road Safety Test)၊ အထက်ပါအချက်များနှင့်ပတ်သက်၍ မည်ကဲ့သို့ သတ်မှတ်၊ စမ်းသပ်၊ စစ်ဆေး၊ ကြပ်မတ် ဆောင်ရွက်နေကြောင်းနှင့် ယခင်ကာလများကဲ့သို့ ပြည်တွင်းစက်မှုဇုန်ထုတ် အမည်ခံ အယောင်ပြ၍ ပြည်ပမှ တရားမဝင်တင်သွင်းလာသော မော်တော်ယာဉ်များအား ကိုယ်ထည် နံပါတ်များ ဖြတ်၊ ဖောက်၊ ဆက်ပြုလုပ်၍လည်းကောင်း၊ RTA နံပါတ်ထုခွင့်ပြု၍ လည်းကောင်း၊ ယာဉ်မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းများ မဖြစ်ပေါ်စေရေးအတွက် မည်ကဲ့သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။