(ခ)-ကျောက်တံတား မြို့နယ်၊မြေပေါ်ရှိ ဓာတ်တိုင် များအပေါ်၊အိမ်နံရံများ၊ မြေအောက်ရေဆိုးမြောင်း များအတွင်းနှင့် အဓိက လမ်းမကြီးများ ထောင့်တို့ တွင် ရှုပ်ထွေးစုပုံထားသော ဆက်သွယ်ရေးဝါယာ ကြိုးများအား ရှင်းလင်းပေးရန် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
၂၀၁၆ ခုနှစ် စက်တင်ဘာလက ကုန်သည်လမ်းနှင့် လမ်း ၄၀ ဓာတ်တိုင်တွင် ဆက်သွယ်ရေးဝါယာနှင့် လျှပ်စစ်ဝါယာများ လေတိုက်ပြီး မီးလောင်ကျွမ်းခဲ့ရပါကြောင်း၊ ကုန်သည်လမ်းနှင့် လမ်း ၄၀ လမ်း အနောက်ဘက် သမိုင်းဝင်ဂန္ဒီခန်းမ၊ ဆက်သွယ်ရေးရုံးချုပ်အနီး၊ အနော်ရထာလမ်းမနှင့် ဆိပ်ကမ်းသာလမ်းထောင့်တွင် ဆက်သွယ်ရေးဝါယာကြိုးများ ရှုပ်ထွေးနေပါကြောင်း၊ ကုန်သည်လမ်းမပေါ်ရှိ ဆက်သွယ်ရေးဝါယာကြိုးများ၊ လျှပ်စစ်ဝါယာကြိုး များနှင့် သစ်ပင်များတွင် ငြိ၍ ဟောင်းနွမ်းဆွေးမြည့်ပြီး ရှုပ်ထွေးနေပါကြောင်း၊ မဟာဗန္ဓုလလမ်း ပေါ် ပန်းဆိုးတန်းလမ်းထောင့်တွင် မြို့နယ်စည်ပင်သာယာရေးက ရေမြောင်းများကိုတူးဖော်ပြီး ဆက်သွယ်ရေးဝါယာများကို ရေမြောင်းများထဲတွင် စည်းကမ်းတကျမထားခဲ့သည်မှာ အလွန် ဆိုးရွားသောပြဿနာ တစ်ခုဖြစ်ပါကြောင်း၊ အနော်ရထာလမ်းတွင် ထားရှိသော ဆက်သွယ်ရေး ပုံးများ၊ ဆက်သွယ်ရေးကြိုးများကိုလည်း မြေအောက်တွင်သာမက မြေပေါ်တွင်ပါ ဆက်သွယ် ထားပုံသည် မသေမသပ်ဖြစ်နေပါကြောင်း၊ ဆက်သွယ်ရေးကြိုးများ သွယ်တန်းမှု မကောင်းသည့် အတွက် ရေကြီးသည့်အခါ ဖုန်းလိုင်း ပြတ်တောက်ခြင်းများ အလွယ်တကူ ဖြစ်ပါကြောင်း၊ ကျောက်တံတားမြို့နယ်သည် မြို့လယ်ခေါင်ဖြစ်သည့်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ ဆက်သွယ်ရေးကြိုးများကို နိုင်ငံတကာအဆင့်မီ၊ စနစ်တကျ ပြုလုပ်သင့်ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဂျပန်နိုင်ငံ KPPI စူမီတိုတို့နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော၊ နိုင်ငံတကာအဆင့်မီစေရန် ဆောင်ရွက်နေသော၊ ရှေ့သို့လှမ်းချီ မြန်မာပြည်ဟူ၍ MPT နှင့် ကြော်ငြာနေသော ဝန်ကြီးဌာနဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်း မြေပေါ်ရှိ ဓာတ်တိုင်များ၊ အိမ်နံရံများ ၊ ရေမြောင်းများအတွင်းနှင့် အဓိကလမ်းမကြီးများ ထောင့်တို့တွင် ရှုပ်ထွေးပြီး စုပုံထားသော၊ အန္တရာယ်ရှိနိုင်သောဆက်သွယ်ရေးကြိုးများကို စနစ်တကျ သွယ်တန်းပြီး ရှင်းလင်းပေးရန်အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။