(ခ)-ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မ တီကမည်သည့်အချိန်တွင်လုပ်ငန်းများစတင်ဆောင် ရွက်မည်နည်း၊ tenderအောင်CITICကုမ္ပဏီမှလုပ် ငန်းဆောင်ရွက်ရန် အစီအမံများနှင့် ပထမအဆင့် ဆောင်ရွက်မည့် စီမံချက်များကို သိရှိခွင့်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကျောက်ဖြူဒေသတွင် အထူးစီးပွားရေးဇုန်ထူထောင်ရန်အတွက် မြေဧကပေါင်း ၄၂၈၉.၃၂ ဧကကို အသုံးပြုရန် ပြီးခဲ့သည့်လွှတ်တော်တွင် ၂၈-၁၂-၂၀၁၅ ရက်နေ့၌ လွှတ်တော်က ဆုံးဖြတ် ပေးလိုက်ပါကြောင်း၊ အစိုးရအပြောင်းအလဲဖြစ်သွားပြီးသည့်အခါ စီမံခန့်ခွဲရေးကော်မတီလည်း ပြန်လည်ဖွဲ့စည်းပြီးသည့်အခါ ကျောက်ဖြူအထူးစီးပွားရေးဇုန်အနေဖြင့် အဓိက နိုင်ငံတော်အတွက်၊ နိုင်ငံသားများအတွက်၊ နိုင်ငံတကာအတွက် စစ်ရေးမဟာဗျူဟာအရ၊ စီးပွားရေးမဟာဗျူဟာအရ အလွန်အရေးကြီးသော နေရာဖြစ်ပါကြောင်း၊ မိမိတို့ စိစစ်ကော်မတီကို ၃၀-၁၂-၂၀၁၅ နေ့တွင် ပြည်ထောင်စုအစိုးရကတင်ရာတွင် စီမံကိန်း၌ ရေနက်ဆိပ်ကမ်းနှစ်ခု၊ စက်မှုဇုန်လုပ်ငန်းတစ်ခု၊ Housing လုပ်ငန်းတစ်ခုတို့ ပါဝင်မည်ကို သိရပါကြောင်း၊ ၎င်းစီမံကိန်းကို အကောင်အထည်ဖော်မည် ဖြစ်သည့်အတွက် မြေနေရာများသိမ်းယူပြီး ရေနက်ဆိပ်ကမ်းလုပ်ဆောင်သည့်အတွက် ချောင်းများ၊ မြစ်များတွင် ရှာဖွေစားသောက်နေကြသော ရေလုပ်ငန်းရှင်တို့၏ လုပ်ကွက်ပျောက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးပြီး မြေများ၊ ယာများသိမ်းယူသည့်အတွက် မြေကိုလုပ်ကိုင် စားသောက်ကြသော တောင်သူများ၏ မြေယာဆုံးရှုံးမှုများ ဖြစ်ပေါ်မည်ဖြစ်ပါကြောင်း၊ သားငါးခိုအောင်း ရှာဖွေတွေ့ရှိနိုင်သော နေရာတွင်သာ ရေလုပ်သားများ စီးပွားရှာနိုင်ကြပါကြောင်း၊ ကျောက်ဖြူ၏ ရေနက်ဆိပ်ကမ်းနှစ်ခုလုပ်ဆောင်မည့်နေရာသည် ကျောက်ဖြူတစ်မြို့နယ်လုံးတွင် ငါးထိတွေ့မှုအများဆုံး ဒေသဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မြေများကို သိမ်းယူလိုက်သည့်အတွက် အသိမ်းခံရသော တောင်သူ လယ်သမားများ၊ မြေပိုင်ရှင်များကို မည်သို့သောအစီအမံများ ပြုလုပ်ပေးမည်၊ လျော်ကြေး မည်ကဲ့သို့ ပေးမည် စသည်ဖြင့် ဒေသခံလူများက ပါဝင်ဆောင်ရွက်မှု မည်ကဲ့သို့အကျိုးအခွင့်အလမ်း ရှိမည်ကိုလည်းကောင်း၊ Investor အနေဖြင့် ဝင်ရောက်ပါဝင်ကြမည့် ရင်းနှီးမြှုပ်နှံသူများနှင့် မည်ကဲ့သို့အကျိုးကျေးဇူးရှိမည်ကို ပြည်သူများ သိရှိလိုကြသည့်အတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် မည်သည့် အချိန်တွင် လုပ်ငန်းများ စတင်ဆောင်ရွက်မည်ကိုလည်းကောင်း၊ ၃၁-၁၂-၂၀၁၅ ရက်နေ့က tender အောင်မြင်ထားသည့် CITIC ကုမ္ပဏီ အနေဖြင့် လုပ်ငန်းစတင် ဆောင်ရွက်ရန် မည်သည့်အစီအမံများ ပြုလုပ်နေသည်ကို ဒေသခံပြည်သူများသို့ ရှင်းပြပေးနိုင်ခြင်း ရှိ/ မရှိနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ပထမအဆင့်ဆောင်ရွက်မည့် စီမံချက်များကို ဒေသခံများ သိရှိခွင့်ရှိ/ မရှိကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။