(က) သဘာဝရေချို ငါးပုစွန်များ၊ ရေငန်ငါးပုစွန်များ လျော့နည်းကျဆင်းလာမှု၊ ဖမ်းဆီးထုတ်လုပ်နိုင်မှု၊ ပြောင်းလဲလာမှု အနေအထားများနှင့်ရေရှည်တိုး ပွားပေါက်ဖွား ရှင်သန်နိုင်ရေးတို့ကို သုတေသနပြု လေ့လာဆန်းစစ်ချက်များဆောင်ရွက်ရန်အစီအစဉ်နှင့် စပ်လျဉ်းသည့် မေးခွန်း
ငါးနှင့် ပုစွန်ကဲ့သို့ ရေထွက်ပစ္စည်းများနှင့် ပတ်သက်၍ ရေချိုနှင့် ရေငန် နှစ်ပိုင်းထွက်ရှိသည့်အတွက် ကုန်းတွင်းပိုင်းအနေဖြင့် မြစ်၊ ချောင်း၊ အင်းအိုင်များက ထွက်ရှိသော ရေချို ပုစွန်၊ ငါးနှင့် နိုင်ငံပိုင် ပင်လယ်နယ်နိမိတ်အတွင်းက ထွက်ရှိသော ရေငန်ငါး၊ ပုစွန်များ ရရှိနိုင်ပါကြောင်း၊ လက်ရှိကာလတွင် ရေချိုအပိုင်းအနေဖြင့် ပြည်သူများ၏ အသိပညာနည်းပါးမှု၊ မဆင်မခြင်ဖမ်းဆီးနေမှု၊ မှိုင်းခွဲခြင်း၊ ဆေးဝါးသုံးစွဲခြင်းများနှင့် ဝါယာရှောခ့်ရိုက်ခြင်းများကဲ့သို့ ဖမ်းဆီးခြင်းများကြောင့် ဂေဟစနစ်ပျက်ယွင်းပြီး ငါး၊ ပုစွန်များ တစ်နှစ်ထက်တစ်နှစ် လျော့နည်းရှားပါးလာသည်ကို တွေ့ရပါကြောင်း၊ အလားတူ နိုင်ငံပိုင်ပင်လယ်ပြင် နယ်နိမိတ်အတွင်း၌လည်း ငါးနှင့် ရေထွက်ပစ္စည်းများ တရားမဝင် ခိုးယူဖမ်းဆီးမှု၊ ခွင့်ပြုသတ်မှတ်ပေးထားသည့် ဖမ်းဆီးနည်းစနစ်၊ အသုံးပြုရမည့် ဖမ်းဆီးကိရိယာ၊ ဖမ်းဆီးကာလ၊ ဖမ်းဆီးခွင့်ပမာဏများနှင့်အညီ လိုက်နာမှုအားနည်းခြင်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများကြောင့် ဂေဟစနစ်ပျက်ယွင်းလာသော အခြေအနေများကြောင့် မြစ်ချောင်းအင်းအိုင်များ ခမ်းခြောက်မှု၊ ပျက်စီးလာမှု၊ ရေထုညစ်ညမ်းလာမှု၊ အကြောင်းအမျိုးမျိုးကြောင့် ရေထွက်ပစ္စည်းများ တဖြည်းဖြည်း ပျက်စီးလျော့နည်းကျဆင်းပျောက်ဆုံးလာမည်ကို စိုးရိမ်ရပါကြောင်း၊ လူဦးရေတိုးပွားလာသည်နှင့်အမျှ လူသားများအတွက် မရှိမဖြစ် စားသုံးရန် လိုအပ်သော ငါး၊ ပုစွန်ကဲ့သို့ ရေထွက်ပစ္စည်းများ ရေရှည်မပျောက်မပျက် လျော့နည်းကျဆင်းမှုမဖြစ်လာစေရန် စနစ်တကျ သုတေသနပြု လေ့လာမှု၊ ထိန်းသိမ်းစောင့်ရှောက်မှု စသည့် အစားထိုးဆောင်ရွက်ပေးမှုများ လုပ်ရန် လိုအပ်လာသည်ကို တွေ့ရပါကြောင်း၊ တစ်ဖက်ကလည်း လူသားများ၏ အလုပ်အကိုင်ရရှိမှု၊ ဆင်းရဲမှု လျှော့ချရေးအတွက်လည်း ရေရှည်အထောက်အကူပြုနိုင်ရန် လိုအပ်သည့်အတွက် ကုန်းတွင်းပိုင်း မြစ်၊ ချောင်း၊ အင်းအိုင်များတွင် ရှင်သန်ပေါက်ဖွားကြသော ငါး၊ ပုစွန်များ ရှင်သန်ပေါက်ဖွားမှု လျော့နည်းကျဆင်းလာမှု အခြေအနေနှင့် နိုင်ငံပိုင်ပင်လယ်ပြင်အတွင်း ငါး၊ ပုစွန် အစရှိသော ရေသယံဇာတများ၏ သဘာဝအရ ဝင်/ထွက်သွားလာမှု၊ သဘာဝနှင့် ဖမ်းဆီးထုတ်လုပ်နိုင်မှု အခြေအနေ၊ ပြောင်းလဲလာမှုများအနေအထားကို သုတေသနပြု လေ့လာနိုင်မှုရှိ/မရှိနှင့် သုတေသနပြု လေ့လာတွေ့ရှိချက်များရှိလျှင်လည်း ရှင်းလင်းချပြနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း၊ သဘာဝရေချိုငါး၊ ပုစွန် တစ်နှစ်ထက်တစ်နှစ် လျော့နည်းပျောက်ဆုံးလာမှု မဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေနှင့် ရေငန်ငါး၊ ပုစွန်များရေရှည်ထုတ်လုပ်နိုင်ရန်အတွက် ဂေဟစနစ် ပြုပြင်ထိန်းသိမ်းနိုင်မည့် အစီအမံ သုတေသနပြုလေ့လာမှုများနှင့် ဖမ်းဆီးထုတ်လုပ်နေမှု အခြေအနေအပေါ် ထိန်းသိမ်းဆောင်ရွက်နေမှုများ အခြေအနေ ရှင်းလင်းချပြနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း၊ သဘာဝရေချို ငါး၊ ပုစွန်များ လျော့နည်းပျောက်ဆုံးလာသော မြစ်၊ ချောင်း၊ အင်းအိုင်များတွင် ဖြစ်ပေါ်နေသော ဂေဟစနစ်ပျက်ယွင်းမှုများကို လေ့လာပြုပြင် ဆောင်ရွက်ရန်အစီအမံများနှင့် အစားထိုး ဖြည့်ဆည်းဆောင်ရွက်ရန် အစီအမံများရှိ/မရှိနှင့် ရေငန် ငါး၊ ပုစွန် အစရှိသော ရေသယံဇာတများ၏ သဘာဝအရ ရေရှည်တိုးပွားပေါက်ဖွား ရှင်သန်နိုင်ရေးနှင့် နိုင်ငံပိုင်နယ်နိမိတ်အတွင်း ပိုမိုသွားလာ ကျက်စားနိုင်စေမည့် သုတေသနပြု လေ့လာဆန်းစစ်ချက်များ ဆောင်ရွက်ရန် အစီအစဉ်များရှိလျှင် ရှင်းလင်းချပြနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။