(ခ)-နိုင်ငံတော်သမ္မတ၏ပညာသင်ဆုနှင့်ပတ်သက် သည့် လုပ်ငန်းစဉ်များအား မည်ကဲ့သို့စီမံခန့်ခွဲပြီး အများပြည်သူသိရှိအောင် ဆောင်ရွက်နိုင်ရန်နှင့် ပတ်သက်၍သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ယခုအချိန်သည် ပညာရေးပြုပြင်ပြောင်းလဲမှုကို အားကြိုးမာန်တက်ဆောင်ရွက်နေသည့်အချိန် ဖြစ်သည့် အတွက် ပညာရေးအသုံးစရိတ်ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာနကို ဘီလီယံ ၁၇၀၀ ကျော် လျာထားသတ်မှတ်ချထားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုနှစ် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက Citizen Budget စာအုပ်ထဲတွင် ပညာရေးနှင့်ပတ်သက်ပြီး အသုံးစရိတ်ကို (က) နိုင်ငံတော်သမ္မတပညာသင်ဆုအဖြစ် ၁၁.၆ ဘီလီယံလျာထား ဖော်ပြထားပါကြောင်း၊ (ခ) အဆင့်မြင့်ပညာအတွက် ပညာသင်ဆုက ၉.၇ ဘီလီယံလျာထားပါကြောင်း၊ အခြေခံပညာ ပညာသင် ဆုအတွက် နှစ်ဘီလီယံ လျာထားပါကြောင်း၊ ဂျပန်နိုင်ငံကထောက်ပံ့သော JICE လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်မှု ပညာသင်ဆု JDS က ၆.၉ ဘီလီယံဟု ဖော်ပြထားပါကြောင်း၊ အခြေခံပညာ၊အဆင့်မြင့်ပညာနှင့် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရန်တို့အတွက် ပညာသင်ဆုသီးသန့်ရှိပြီး နိုင်ငံတော်သမ္မတပညာသင်ဆုကို ၁၁.၆ ဘီလီယံ လျာထားပါကြောင်း၊
ပညာရေးတိုးတက်မှုအတွက် ပညာရေးလိုလားသူများအား ပညာသင်ဆုချီးမြှင့်ခြင်းသည် အလွန် ကောင်းမွန်သောအချက် ဖြစ်ပါကြောင်း၊ ပညာကိုလိုလားသူ၊ သင်ယူလို သူတိုင်းအတွက် ပညာသင်ဆုသည် ဂုဏ်ယူစွာမက်မောပါကြောင်း၊ ထို့ကြောင့် ပညာသင်ဆုကို ပြည်တွင်းက ထောက်ပံ့ပြီးပေးနေသော အဖွဲ့အစည်းများရှိသကဲ့သို့ နိုင်ငံတကာက ပညာသင်ဆုထောက်ပံ့ပေးနေခြင်းများလည်း ရှိပါကြောင်း၊ ဥပမာ နိုင်ငံတကာတွင် ဂျာမနီနိုင်ငံက DAD ပညာသင်ဆု၊ ဂျပန်နိုင်ငံက ပညာသင်ဆု၊ ကိုရီးယားနိုင်ငံက ပညာသင်ဆု၊ တရုတ်နိုင်ငံတို့ကပေးသော ပညာသင်ဆုများ လွန်ခဲ့သောနှစ်ပေါင်းမြောက်မြားစွာကတည်း က ပေးခဲ့သော်လည်း လွန်ခဲ့သော ၁၅ နှစ် ခန့်ကာလအတွင်း အဆိုပါပညာသင်ဆုကို ဝန်ကြီးဌာန အသီးသီး၏ စီမံခန့်ခွဲမှုအားနည်းမှုကြောင့် အချိန်မီဦးရေပြည့်အောင် မစေလွှတ်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံ အတွက် များစွာနစ်နာခဲ့ရပါကြောင်း၊ နိုင်ငံတကာက ပေးအပ်နေသောပညာသင်ဆုကို အချိန်မီ မဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
နိုင်ငံတော်သမ္မတပညာသင်ဆုကို ပထမအကြိမ်လွှတ်တော်သက်တမ်း အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသော်လည်း နိုင်ငံတော် သမ္မတပညာသင်ဆုနှင့်ပတ်သက်ပြီး ယနေ့အချိန်ထိ တိကျမှန်ကန်သော သတင်းအချက်အလက်များကို ရှင်းလင်းစွာဖော်ပြနိုင်ခြင်း မရှိသေးပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ထပ်မံ၍ ၁၁.၆ ဘီလီယံ ချီးမြှင့်မည်ကို ဖော်ပြထားပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်သမ္မတပညာသင်ဆုကို နိုင်ငံတော်၏ ပညာသင်ဆုအဖြစ် အမည်ပြောင်းသည်ဟု သိရှိရပါကြောင်း၊ ပညာရေး တိုးတက်မှုအတွက် နိုင်ငံတော် ပညာသင်ဆု ၁၁.၆ ဘီလီယံနှင့်ပတ်သက်ပြီး ပညာသင်ဆုပေးရာတွင် အမြောက်အမြားအသုံးပြုပြီး အဟောသိကံဖြစ်သွားမည်ကို စိုးရိမ်ပါကြောင်း၊ ပညာသင်ဆု လိုလားသူတိုင်းကို အမှန်တကယ် ရရှိစေလို သောကြောင့် ပညာသင်ဆုစီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး မည်သည့်ပညာရပ်နယ်ပယ်များကို ဦးစားပေးပြီး ပညာသင်ဆုပေးမည်နည်း၊ အခြေခံပညာ၊ ဘွဲ့ကြို၊ ဘွဲ့လွန်၊ ပါရဂူ မည်သည့်အချိုးအစားဖြင့်ပေးမည်နည်း၊ ပညာသင်ဆုနှင့်ပတ်သက်ပြီး စေလွှတ်မည့် နိုင်ငံ၊တက္ကသိုလ် သတ်မှတ်ချက်ရှိသနည်း၊ ပညာသင်ဆု ရွေးချယ်ရာတွင် တိကျသောမူဝါ ဒကြိုတင်ထုတ်ပြန်ရေး အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။