(င)-ပြင်ဦးလွင်အနီးစခန်း လေဆိပ်တွင်လေယာဉ် ခရီးစဉ်ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်သည် တရုတ်ပြည် ဝင်/ထွက်ပေါက်ဖြင့် ဆက်စပ်သော ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသနှင့် မန္တလေးမြို့သို့ ဆက်သွယ် နေသော အာဆီယံလမ်းမကြီးပေါ်တွင် တည်ရှိပါကြောင်း၊ တောင်ပေါ်မြို့ ဖြစ်သော ပြင်ဦးလွင် အနီးစခန်း လေဆိပ်မှာ ရှေးယခင်က ခရီးသွားပြည်သူများ အတွက် အသုံးပြုခဲ့ပါကြောင်း၊ နောက်ပိုင်း လေယာဉ်ကွင်းတိုးချဲ့ ပြင်ဆင်ခဲ့ သည်ဟု သိရပါတယ်။ လေယာဉ်ကွင်းတိုးချဲ့ခဲ့သည့်အတွက် အနီးပတ်ဝန်း ကျင်ရှိ တောင်သူယာမြေ၊ အိမ်မြေများလည်း ပါသွားခဲ့တဲ့အတွက် နစ်နာခဲ့ပြီး ဒေသခံပြည်သူများ ရင်းနှီးပေးဆပ်ခဲ့ရသော လေယာဉ်ကွင်း တိုးချဲ့ပြုပြင် ပေးခဲ့သော်လည်း ခရီးသည်များအတွက် လေယာဉ်ပြေးဆွဲခဲ့ခြင်း မရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ ခရီးစဉ်လေယာဉ်များ တစ်ခါရံဆင်းသည်ကို သိရပါ ကြောင်း၊ လေယာဉ်လမ်းကြောင်းအဖြစ် လိုအပ်လျှင် ပြင်ဦးလွင် ဒေသနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဒေသထွက်ကုန်အချိန်နှင့်တစ်ပြေးညီ ကုန်စည် ပို့ဆောင်ရေး ဆောင်ရွက်ပေးပါက ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုအခါ ဧက ၁၀၀၀၀ ရတနာပုံမြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်လျက်ရှိရာ IT ဇုန်၊ စက်မှုဇုန်၊ စီးပွားရေးဇုန်၊ စိုက်ပျိုးရေးဇုန်စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်စီစဉ်လျက်ရှိပါကြောင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများလည်း လာရောက်ပါက အနီးစခန်းလေဆိပ်ကို အသုံးပြုခြင်းဖြင့် ပိုမို အဆင်ပြေနိုင်မည်ဖြစ်ကာ တံတားဦးလေဆိပ်နဲ့လည်း မိုင် ၅၀ ခန့် ဝေးကွာနေသဖြင့် ပြင်ဦးလွင် လေယာဉ်လိုင်းကို လိုအပ်လျက် ရှိပါကြောင်း၊ တောင်ပေါ်ဒေသမှ ပြည်သူပြည်သားများရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအတွက် အလျင်လိုလျှင်သော်လည်းကောင်း၊ သက်ကြီး ရွယ်အို ကျန်းမာရေး မကောင်းသူများအတွက် သက်သောင့်သက်သာခရီးသွား လိုလျှင် သော်လည်းကောင်း၊ ပြင်ဦးလွင် အနီးစခန်းလေဆိပ်တွင် လေယာဉ် အဆင်းအတက်ပြုလုပ်ပေးပါက အဆင်ပြေမည်ဖြစ်သောကြောင့် တိုင်းရင်းသား ပြည်သူပြည်သားများ၏ ခရီးသွားလာရေးနှင့် လူမှုစီးပွားရေးအကျိုးအတွက် ပြင်ဦးလွင် အနီးစခန်းလေဆိပ်တွင် လေယာဉ်ခရီးစဉ်ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် မရှိ မေးမြန်းပါသည်။