(က)-မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတွင်ပြစ် ဒဏ်ကျခံနေရသောနဝမတန်း၊တက္ကသိုလ်ဝင်တန်း ကျောင်းသားများရှိ၊ မရှိ၊ ရှိပါက မည်မျှရှိပါ သနည်း၊ ယင်းကျောင်းသားများ၏ ပညာသင်ယူခွင့်နှင့် တက္က သိုလ်ဝင်တန်းဖြေဆိုခွင့်ကို မည်ကဲ့သို့စီစဉ်ထား သည်နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-10-26

u min thein၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၆ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်မှချမှတ် ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ ပညာသင်ကြားပိုင်ခွင်‌့ရှိသည်လို့ ပြဋ္ဌာန်း ပါရှိပါကြေင်း၊ နိုင်ငံသားတိုင်း မည်သည့်နေရာတွင်ရောက်နေသည်ဖြစ်စေ ပညာသင်ကြားပိုင်ခွင်‌့ ရရှိရမည်ဖြစ်ပါကြောင်း၊ ပြစ်ဒဏ်ချမှတ်ခံရသည်မှာ ကျူးလွန်ခဲ့သည့်ပြစ်မှု၏ အတိုင်းအတာ အလျောက်သာ တရားဥပဒေကအပြစ်ပေးရသည်ဖြစ်၍  ပြစ်ဒဏ်ကျခံပြီးပါက ထောင်မှ လွှတ် ပေးလိုက်ရမှာဖြစ်ပြီး ယခင်က ထောင်ကျအကျဉ်းသားများကို လက်သမားပညာ၊ ကြိမ်ထိုး၊ ကြိုးထိုးပညာ၊  စက်ချုပ်ပညာ၊ အခြားလက်မှုပညာတို့ကို အသက်မွေး ဝမ်းကျောင်း ပညာအဖြစ် သင်ကြားပေးခဲ့ဖူးပါကြောင်း၊ ထို့ကြောင့် အကျဉ်းထောင်မှ ထွက်လာသည့်အခါ အသက်မွေး မှုပညာတစ်ရပ် တတ်လာခဲ့ကြပါကြောင်း၊ ယခု ထောင်ကျကျောင်းသားလူငယ်များအား နာမည် ကျော် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းဦးစီး ဌာန၏ဘတ်ဂျက်နှင့် အလယ်တန်းကျောင်း (ခွဲ)ဖွင့်လှစ်ထားပါကြောင်း၊

၂၀၁၆-၁၇ နှစ်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ တက္ကသိုလ်ဝင်တန်း အောင်ကျောင်းသား ၁၆ ဦးရှိခဲ့ကြောင်း၊ မန္တလေးအိုးဘိုထောင်မှ သုံးဘာသာ ဂုဏ်ထူးရှင် တစ်ဦး နှင့်အခြားတစ်ဘာသာဂုဏ်ထူးရှင်များ အောင်မြင်ခဲ့ကြောင်း၊ သုံးသာသာ ဂုဏ်ထူးရှင် မရွှန်းလဲ့ဝေ အပါအဝင်ဂုဏ်ထူးရှင်ကျောင်းသားများကို သြဂုတ်လ ၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတကြီးမှ လွတ်ငြိမ်းချမ်းသာခွင့်  ပြုခဲ့ပါကြောင်း၊ ထောင်တံခါးများကို လှပ်နိုင်ရန် ထောင်ထဲတွင် ကျောင်း ခွဲများ ဖွင့်ပေးရပါမည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသများတွင် ကျောင်းခွဲ များ ဖွင့်လှစ်ပေးသကဲ့သို့ အကျဉ်းထောင်အသီးသီးမှာလည်း ကျောင်းခွဲများ ဖွင့်ပေးရမှာ ဖြစ်ပါကြောင်း၊၂၀၁၆-၁၇ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အိုးဘိုအကျဉ်းထောင်မှ ကျောင်းသား/ ကျောင်းသူများကို သင်ကြားပေးခဲ့သူများသည် နှစ်ရှည်အကျဉ်းကျခံနေရသည့် အကျဉ်းသား ဟောင်းကြီးများဖြစ်ပါကြောင်း၊ ယခင်နှစ်က အကျဉ်းထောင်တံခါးများကို အကျဉ်းကျ ခံနေရသည့် ကျောင်းသားများသည် ပညာခွန်အားဖြင့် တွန်းဖွင့်နိုင်ခဲ့ပြီဖြစ်သောကြောင့် အကျဉ်းကျခံ ကျောင်းသားများ၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်နှင့် အောင်မြင်ပြီးပါက အဆင့်မြင့်ပညာ သင်ယူခွင့်တို့ကို သက်ဆိုင်ရာမှ မည်ကဲ့သို့စီစဉ်ပေးထားပါသနည်းကို မေးမြန်းပါသည်။