(စ)-လေရှီးမြို့နယ်၊ဆွမ္မရာမြို့ရှိဌာနဆိုင်ရာများ၏ ရုံး အဆောက်အဦများကို မြို့အင်္ဂါရပ်နှင့် အညီ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ ဆွမ္မရာမြို့ သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ၆-၆-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၀၀/၂၄-၈၃ ဦး -၁) အရ ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စုလေးခုနှင့် ကျေးရွာပေါင်းကိုးရွာဖြင့် ဖွဲ့စည်းပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြို့နယ်ခွဲအဖြစ် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၂-၅-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၁၁/၂၀၁၄) ဖြင့် မြို့နယ်ခွဲ စကားရပ်ကို ပယ်ဖျက်ပြီး မြို့အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပါကြောင်း၊ လိုအပ်သော အစိုးရဌာနရုံး များကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်သော်လည်း အချို့ဌာနများသည် ရုံးဆောက်လုပ်ထားခြင်း မရှိသည့်အတွက် လူနေအိမ်များကိုသာ ငှားရမ်းဖွင့်လှစ်ထားခြင်းကြောင့် ဝန်ထမ်းများ အချိန်ပြည့် နေထိုင်ပြီး တာဝန်ထမ်းဆောင်ရာခက်ခဲခြင်းနှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရန်အတွက် အဆင် မပြေမှုများ ကြုံတွေ့နေရခြင်းများ ရှိနေပါကြောင်း၊ ဝန်ထမ်းများ အချိန်ပြည့်မနေနိုင်သည့်အခါ ဒေသအတွက် လိုအပ်ချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် ခက်ခဲလျက် ရှိပါကြောင်း၊ ထို့ကြောင့် မြို့အင်္ဂါရပ်နှင့်လျော်ညီသည့် ရုံးအဆောက်အဦများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။