(င)-တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများတွင် တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်နိုင်သောရောဂါ များစစ်ဆေးပေးနိုင်ခြင်းရှိ/မရှိနှင့် မည်သည့်ရောဂါ များစစ်ဆေးဆောင်ရွက်ပေးနေသည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ Myanmar Livestock Statistics ၂၀၁၅-၂၀၁၆ ပါ စာရင်းများအရ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် နွားမွေးမြူထားရှိမှုအနေဖြင့် အကောင်ရေသန်းပေါင်း ၁၆.၅၀၆၆၊ ဆိတ်မွေးမြူထားရှိမှုအနေဖြင့် အကောင်ရေသန်းပေါင်း ၇.၀၉၊ ဝက်မွေးမြူထားရှိမှုအနေဖြင့် အကောင်ရေသန်းပေါင်း ၁၆.၃၄၁၈ မွေးမြူထားရှိသည်ဟုလည်းကောင်း၊ အသားထုတ်လုပ်မှုအနေဖြင့် ပိဿာသန်းပေါင်း ၁၈၁၁.၉၄၂၊ ဥထုတ်လုပ်မှုအနေဖြင့် အလုံးရေသန်းပေါင်း ၁၁၅၆၃.၃၃၇၊ နို့ထုတ်လုပ်မှုအနေဖြင့် ပိဿာ သန်းပေါင်း ၁၄၅၅.၀၄၅ ထုတ်လုပ်နိုင်သည်ဟုလည်းကောင်းသိရှိရပါကြောင်း၊ မွေးမြူရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မွေးမြူရေးထုတ်ကုန်ဖြစ်သော အသား၊ နို့နှင့် ဥ များကို စစ်ဆေး နိုင်ရန် တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် တိရစ္ဆာန်အစာနှင့် ဆေးဝါးသုတေသန ဓာတ်ခွဲခန်း များကို အဓိကအားထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် တိရစ္ဆာန်အစားအစာနှင့် ဆေးဝါးသုတေသနဓာတ်ခွဲခန်း များကို အဆင့်မြှင့်တင်ဆောင်ရွက်နေကြောင်းကိုလည်း သိရှိရပါကြောင်း၊ တောင်ကြီး၊ ပုသိမ်၊ ကျိုင်းတုံ၊ လားရှိုး၊ မူဆယ်၊ မြစ်ကြီးနားမြို့များတွင် ဒေသဆိုင်ရာ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများအဖြစ် လည်းကောင်း၊ မကွေးမြို့၊ မုံရွာမြို့၊ ကလေးမြို့၊ ဘားအံမြို့၊ မော်လမြိုင် မြို့နှင့် မြဝတီမြို့များတွင်လည်း တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးနေသည်ကို သိရှိရပါကြောင်း၊ တိရစ္ဆာန်ရောဂါများကို ရှာဖွေဖော် ထုတ်ပေးနိုင်ခြင်းသည် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရုံ သာမက ပြည်သူများ၏ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပေးနေခြင်းလည်းဖြစ်ပါကြောင်း၊
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်(၄၅/၉၉) အခန်း(၅)တွင် အများ ပြည်သူများစားသုံးရန် သတ်ဖြတ်မည့်တိရစ္ဆာန်၏ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသားစစ်ဆေးခြင်း တွင် သတ်ဖြတ်ပြီးသော တိရစ္ဆာန်၏အသားနှင့် အစိတ်အပိုင်းတစ်ခုခုတွင် ကူးစက်ရောဂါနှင့် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ရောဂါပိုးကင်းရှင်းမှု ရှိ/မရှိကို ဦးစီးဌာနတာဝန်ရှိဝန်ထမ်း၏ စစ်ဆေးမှုကို ခံယူရမည်။ ဦးစီးဌာနတာဝန်ရှိဝန်ထမ်းက ထုတ်ပေးသည့် ကူးစက်ရောဂါနှင့် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ်ရရှိမှသာ အများ ပြည်သူများ စားသုံးရန် ဖြန့်ဖြူးရောင်းချရမည်လို့ ပါရှိပါကြောင်း၊
တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း အဖြေများကို ရယူဆောင်ရွက်မှသာ ကာကွယ်ခြင်း၊ ကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပိုမို ထိရောက်စေမှာ ဖြစ်ပါကြောင်း၊ စီးပွားဖြစ်မွေးမြူထားသော နို့စားနွားများနှင့် တစ်ပိုင် တစ်နိုင်မွေးမြူ ထားသော နို့စားနွားများကိုလည်း လူကိုကူးစက်နိုင်သောရောဂါများ ကင်းရှင်း ကြောင်း စစ်ဆေးပေးရမည်ဖြစ်ပါကြောင်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများတွင် ပဋိဇီဝ ဆေးများ၊ ဓာတုဓာတ်ကြွင်းများ ကြွင်းကျန်ခြင်းရှိ/မရှိနှင့် စားသုံးရန် သင့်/မသင့်ကိုလည်း ပြည်သူများ သိရှိစေရန် ဓာတ်ခွဲခန်းအဖြေ များကို ရယူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထိုနည်းတူ ကူးစက်ရောဂါနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ရောဂါ ကင်းရှင်းခြင်းရှိ/မရှိကို တာဝန်ယူစစ်ဆေးရာတွင်လည်း တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း အဖြေများကို မဖြစ်မနေ ရယူဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါသောကြောင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် မွေးမြူရေးထုတ်ကုန် ဖြစ်သော အသား၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းများကို တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများတွင် တိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်နိုင်သောရောဂါများ စစ်ဆေးပေးနိုင်ခြင်းရှိ/မရှိနှင့် မည်သည့် ရောဂါများ စစ်ဆေးဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါကြောင်း ပြန်လည်ဖြေကြားပါသည်။