(ခ)-နိုင်ငံတော် သမ္မတရုံး၊ ညွှန်ကြားချက် အမှတ် (၁/၂၀၁၇) တင်ဒါလုပ်ထုံးလုပ်နည်း ထုတ်ပြန်ရာ ပွင့်လင်းမြင်သာမှုရှိရေးဖော်ပြခြင်းမရှိသဖြင့် မည် ကဲ့သို့ ဆောင်ရွက်မည် နှင့်စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ
(၁/၂၀၁၇) သမ္မတရုံးညွှန်ကြားချက်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့အစည်းများအနေဖြင့် တင်ဒါများအား ဆောင်ရွက်ခွင့်ပြုရာတွင် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ လေလွင်ဆုံးရှုံးမှုမရှိစေရန်၊ အဂတိ လိုက်စားမှုမရှိစေရန်၊ တင်ဒါကို တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ၊ လက်ဝါးကြီးအုပ် ရယူခြင်း၊ ဈေးကစားခြင်းမဖြစ်စေဘဲ မှန်ကန်မျှတသော ယှဉ်ပြိုင်မှုဖြစ်စေရန် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် နိုင်ငံတော်နှင့် အများပြည်သူအတွက် ထိရောက်အကျိုးရှိသည့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်းဖြစ်စေရန် ရည်ရွယ်၍ ဤလုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ခြင်းဖြစ်ပါသည်။ ထို့အပြင် တင်ဒါရွေးချယ်မှုကို မလျော် သြဇာသုံး၍ တစ်နည်းအားဖြင့် လွှမ်းမိုးဆောင်ရွက်ခြင်းများကိုလည်း လက်မခံဘဲ တရားမျှတမှုရှိစွာဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်ဖြစ်သည်ဟု ညွှန်ကြားချက်တွင်ပါရှိပါကြောင်း၊
ထိုသို့ဖော်ပြထားရာတွင် ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန် ဖော်ပြထားချက်၌ ပွင့်လင်း မြင်သာစွာဘယ်လိုဆောင်ရွက်ရမည်ဟု ညွှန်ကြားချက်မပါရှိပါကြောင်း၊ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်များသည်ပင်လျှင် အစိုးရဌာနက မည်သို့ဆောင်ရွက်နေသည်နှင့် မည်သည့်အရာများ တင်ဒါခေါ်သည်ကိုပင် အသိပေးခြင်းမရှိပါကြောင်း၊
ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) ကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ နေ့စွဲဖြင့် အစိုးရဌာနအဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်ရာတွင် မှန်ကန်မျှတသော ယှဉ်ပြိုင်မှုဖြစ် စေရန် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ မှု၊ တာဝန်ခံမှုရှိစေရန် ရည်ရွယ်၍ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဖော်ပြထား သော်လည်း ပွင့်လင်းမြင်သာမှုရှိရေးကိစ္စကို အကောင်အထည်ဖော်ရန် မည်သို့ဆောင်ရွက်ရမည်ကို ဖော်ပြထားခြင်းမရှိသည့်အတွက် ၎င်းကိစ္စကို မည်သို့အကောင်အထည်ဖော်ရန်နှင့် ထိုသို့ဆောင်ရွက် ရာတွင် လွှတ်တော်ကိုယ်စားလှယ်များအား မည်သို့အသိပေးစောင့်ကြည့်လေ့လာခွင့်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။