(ဃ)-နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးတက်ရရှိအောင် အခြေခံအဆောက်အအုံများ တည်ဆောက်ရေး အ တွက်လိုအပ်လျက်ရှိသောအသုံးစရိတ်များကိုလက် ရှိသုံးစွဲမှုထက်ပိုမိုသုံးစွဲရန် မည်သို့ဆောင်ရွက်ထား သည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-10-30

မေးခွန်း အကြောင်းအရာ 

utunမိမိတို့မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲအာဆီယံနိုင်ငံများနှင့် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခု အကြား ကုန်စည်စီးဆင်းမှုပြုလုပ်နိုင်သည့် မဟာဗျူဟာအချက်အချာကျသည့်နေရာတစ်ခု ဖြစ်ပါ ကြောင်း၊ အာရှတိုက်၏ ကုန်စည်သယ်ယူပို့ဆောင်ရေးကို ပိုမိုအဆင်ပြေစေရန် မြှင့်တင်ပေး နိုင်သော ဆုံမှတ်တစ်ခုလည်းဖြစ်ပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော  သယံဇာတများ၊ လူသားအရင်းအမြစ်များဖြစ်သော လူငယ်၊ လူရွယ်များ များစွာရှိနေခြင်းသည် ရင်းနှီးမြှုပ်နှံလိုသည့်နိုင်ငံများအတွက် အားသာချက်တစ်ခုဖြစ်သော်လည်း အခြေခံအဆောက်အအုံ ၏ လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးကိစ္စများ၊ ကုန်းလမ်း၊ရေလမ်းနှင့်  လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ၊ ခေတ်မီပြည်တွင်းပြည်ပဆိပ်ကမ်းများနှင့် ဆောက်လုပ်ရေး၊ ဒီဂျစ်တယ်ဆက်သွယ်ရေး၊ ITC များသည် မိမိတို့တိုင်းပြည်တွင် လိုအပ်လျက်ရှိနေပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြှုပ်နှံသောကဏ္ဍများထဲတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအများဆုံးမှာ ထုတ်ကုန်လုပ်ငန်းဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအနည်းဆုံးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြားငွေရရှိမှုသည် စွမ်းအင်ကဏ္ဍတွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀၅၉၅ သန်းဖြင့် အများဆုံးရရှိပြီး စိုက်ပျိုးရေးကဏ္ဍမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၅၅ သန်းဖြင့် အနည်းဆုံးဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊

မိမိတို့မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအဆောက်အအုံများ၏ အခန်း ကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ၂၀၁၂-၁၃ ခုနှစ် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ သုတေသနပြုချက်(Assignment) အရ အခြေခံအဆောက်အအုံဖြစ်သော ကားလမ်း၊ ရထားလမ်း၊ ရေကြောင်းလမ်း၊ လေကြောင်းလမ်းများအတွက် လက်ရှိသုံးစွဲနေသောအသုံးစရိတ်သည် GDB ၏ ၁.၅ ရာခိုင်နှုန်းသာ သုံးစွဲသည်ဟု သိရှိရပါကြောင်း၊ အခြေခံအဆောက်အအုံများ ကောင်းမွန် ထိရောက်စေရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က GDB၏ ၅ ရာခိုင်နှုန်း သုံးရမည်ဟု အကြံပေး ထားပါကြောင်း၊ အလားတူ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ National Transport Master Plan ၏ လေ့လာသုံးသပ်ချက်အရ မြန်မာနိုင်ငံ၏ လက်ရှိအသုံးစရိတ်သည် Logistics အားလုံး၏ ငွေလုံးငွေရင်းသတ်မှတ်ချက် ၅ ရာခိုင်နှုန်းခန့်သာ ရှိပါကြောင်း၊ Logistics ထိရောက်စေရန်၊ အောင်မြင်စေရန် လက်ရှိအသုံးစရိတ်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော် ငွေလုံးငွေရင်းအသုံးစရိတ်အားလုံး၏ ၁၅ ရာခိုင်နှုန်းထိသုံးစွဲရန် လိုအပ်သည်ဟု JICA က အကြံပြုထားပါကြောင်း၊

အထက်ပါသုံးသပ်ချက်နှစ်ရပ်ကိုကြည့်မည်ဆိုပါက ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် FDI ခေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိစေရန် ဖော်ပြပါအခြေခံအဆောက်အအုံများ တည်ဆောက် ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အသုံးစရိတ်ကို သုံးဆခန့်မြှင့်တင်သုံးစွဲရန် လိုအပ် ပါကြောင်း၊ အသုံးစရိတ်များကို မြှင့်တင်သုံးစွဲမှုနည်းပါးနေပါက ရင်းနှီးမြှုပ်နှံမှုဥပဒေများ မည်မျှ ကောင်းကောင်း၊ ကုမ္ပဏီဥပဒေများ မည်ကဲ့သို့ရေးဆွဲနေပါစေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ သိသိ သာသာ တိုးတက်လာမည် မဟုတ်သည့်အတွက် FDI ခေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက် ရရှိစေရန် အခြေခံအဆောက်အအုံများတည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော အသုံး စရိတ်များကို လက်ရှိသုံးစွဲမှုထက် ပိုမိုသုံးစွဲရန် မည်သို့ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။