(ဂ)-ထီးချိုင့်မြို့နယ်အတွင်းရှိ ဒိုးပင်၊ မယ်ဇလီ၊ ညောင်ပင်သာကျေးလက် လမ်းအား ရာသီမရွေး သွားလာနိုင်သော မြေပေါင်တင်ကျောက်ချောလမ်း ခင်းပေးရန်နှင့် ၎င်းလမ်းပေါ်ရှိ နှစ်မွှာချောင်းအား ကွန်ကရစ်တံတားဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-11-01

မေးခွန်း အကြောင်းအရာ 

umgစစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ညောင်ပင်သာတိုက်နယ်ဆေးရုံနှင့် ထီးချိုင့်မြို့သို့ ဆက်သွယ်ထားသည့် ဒိုးပင်-မယ်ဇလီ-ညောင်ပင်သာလမ်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြေသားတာပေါင်တင်လမ်း ပြုလုပ် ပေးခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဂျင်းဂဝံခင်းခြင်းကို မွမ်းမံဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် မိုးရာသီတွင် ဧရာဝတီမြစ်ရေနှင့် မဲဇာချောင်းရေကြီးမှုတို့ကြောင့် မြေပြန့်လမ်းပိုင်းတွင် ရှိသော နှစ်မွှာချောင်းတံတားနှင့် လက်ပံချောင်းတံတားတို့သည် ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ပါကြောင်း၊ လက်ပံချောင်းတံတားသည် ထီးချိုင့်မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက ဦးဆောင်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအထူးသီးသန့်ရန်ပုံငွေမှ ကျခံကာ ကွန်ကရစ်တံတားတည်ဆောက်ပြီးဖြစ်သော်လည်း တစ်ဆက်တည်းဖြစ်နေသည့် နှစ်မွှာချောင်း တံတားကို ဆောက်လုပ်ပေးနိုင်ခြင်းမရှိသည့်အတွက် မိုးတွင်းရာသီတစ်ခုလုံးနှင့် ရေကြီးနေ ချိန် တွင် ညောင်ပင်သာအုပ်စုနှင့် အနီးအနားကျေးရွာများသည် ကုန်းလမ်းအရ ဆက်သွယ်ရေး လုံးဝ ပြတ်တောက်သွားပါကြောင်း၊ ရေကြီးချိန်တွင် စက်လှေနှင့် သွားလာနိုင်သော်လည်း ရေကျပြီးစ အချိန်၌ ကုန်းမပေါက်၊ ရေမပေါက်ဖြစ်နေခြင်းကြောင့် ညောင်ပင်သာဆေးရုံဝန်ထမ်းများ၊ ဆေးရုံကို လာကြသည့် ကျေးလက်နေပြည်သူများ၊ ထီးချိုင့်မြို့ကို ကူးသန်းရောင်းဝယ်ကြသူများ အားလုံး အခက်အခဲများကြုံတွေ့ရပါကြောင်း၊

ထို့ကြောင့် ထီးချိုင့်မြို့နယ်အတွင်းရှိ ဒိုးပင်-မယ်ဇလီ-ညောင်ပင်သာကျေးလက်လမ်းအား ရာသီမရွေးသွားလာနိုင်သည့် မြေပေါင်တင် ကျောက်ချောလမ်းခင်းပေးနိုင်ရန်နှင့် အဆိုပါ လမ်းပေါ်ရှိ နှစ်မွှာချောင်းအား ကွန်ကရစ်တံတားဆောက်လုပ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။