(ဂ)-ရမည်းသင်းမြို့နယ်၊ ပျားစည်တိုက်နယ် ဆေး ရုံ အား (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံ အဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

2017-06-05

မေးခွန်း အကြောင်းအရာ 

tun tun winပျားစည်ကျေးရွာအုပ်စုသည် ကျေးရွာငါးရွာနှင့် ဖွဲ့စည်းထားပြီး လူဦးရေ ၄၈၀၀ ကျော်ရှိပါကြောင်း။ ရမည်းသင်းမြို့ နှင့် ၂၁ မိုင်ကွာဝေးပါကြောင်း။ ပျားစည်တိုက်နယ် ဆေးရုံအား (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် ဆောက်လုပ် ပေးပါက အနီးပတ်ဝန်းကျင်ရှိ ဆပ်ထိုးကြီးအုပ်စု၊ လွှစင်အုပ်စု၊ အင်တိုင်းအုပ်စုမှ ကျေးရွာပေါင်း စုစုပေါင်း ၂၄ ရွာမှ လူနာများလည်း ကျန်းမာရေး စောင်‌့ရှောက်မှု ခံယူနိုင်မှာဖြစ်ပါကြောင်း။ ပျားစည်ကျေးရွာ သည် အထက်တန်း စာသင်ကျောင်း တစ်ကျောင်းရှိပြီး စီးပွားရေး အခြေခံ ကောင်းမွန်သည့် ကျေးရွာဖြစ်သော်လည်းပဲ မိုးတွင်းကာလများတွင် သွားလာရ ခက်ခဲသည့်အတွက် အရေးပေါ်လူနာများ မလိုလားအပ်ဘဲ ပျက်စီးဆုံးရှုံးရသည့် အခြေအနေ များလည်း ရှိပါကြောင်း။ ထို့ကြောင့် ဒေသခံပြည်သူများက တိုက်နယ်ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးရန် အတွက် လိုလားတောင့်တ လျက်ရှိပါကြောင်း။

တိုက်နယ်ဆေးရုံ ဆောက်လုပ်ပေးရန်အတွက် မြေနေရာ ၃.၄၂ ဧကလည်း လျာထားသတ်မှတ်ပြီး ဖြစ်ပါကြောင်း။ ကျန်းမာရေးဦးစီးဌာန (နေပြည်တော်) ၏ ၂၈-၁-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ကမဘ/ဃ-၁၃၇၃/၄၉ အရနှင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ၂၅-၂-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၁၁၄၃/တိုးမြင့် မဏ္ဍိုင် ၂၀၁၅ အရ (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် အသစ်တိုးချဲ့ဖွင့်လှစ်ခွင့်ပြုပြီးလည်းဖြစ်ပါကြောင်း။ ယခုအခါ ကျေးလက် ဆေးပေးခန်း အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာသာ ရှိသည့်အတွက် (၁၆)ခုတင်ဆံ့ တိုက်နယ် ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း။ ကျေးလက်နေ ပြည်သူများအတွက် အမှန်တကယ် လိုအပ်လျက် ရှိသည့် ပျားစည်တိုက်နယ် ဆေးရုံအား (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အကယ်၍ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိပါကလည်း မည်သည့်အချိန်တွင်၊ မည်သည့် ဘဏ္ဍာရေးနှစ် တွင် ဆောက်လုပ်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။