(ခ)-စေတုတ္တရာမြို့ရှိ လေယာဉ်ကွင်းဟောင်းအား လေယာဉ်များ ဆင်းသက်ရန်နှင့် လေယာဉ်ကွင်း အဖြစ် ဆက်လက် အသုံးပြုရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-11-06
မေးခွန်း အကြောင်းအရာ 

ukyawစေတုတ္တရာ လေယာဉ်ကွင်းကို ၁၉၆၁ ခုနှစ်တွင် တစ်မြို့နယ်လုံးက ပြည်သူလူထု၏ လုပ်အားနှင့် တည်ဆောက်ခဲ့ကြပါကြောင်း၊  အလျား ၂၂၈၈ ပေ၊ အနံ ၃၂၀ ပေနှင့် အကျယ် ၃၂  ဧကခန့် ရှိပါကြောင်း၊ စေတုတ္တရာမြို့၏ မြောက်ဘက် ၃ ဖာလုံခန့်အကွာအဝေး တောင်ကုန်းမြင်‌့ပေါ်တွင် တည်ရှိပါကြောင်း၊ ၁၉၈၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် လေယာဉ်ကွင်းကိုစတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၁ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ တွင်အော်တာ လေယာဉ်ငယ် များနှင်‌့ တစ်ပတ်လျှင်တစ်ကြိမ် အင်္ဂါနေ့တိုင်း ပြေးဆွဲပေးခဲ့ဖူးပါကြောင်း၊ ကျောက်ထု လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ယခုအချိန်အထိ အနှစ် ၃၀ ကျော် ပြန်လည်အသုံးမပြုတော့ဘဲ သစ်ပင်များနှင့် တောထနေသော လေယာဉ်ကွင်း ဖြစ်ပါကြောင်း၊ မုန်းတမံအတွက်  လိုအပ်သော မြေသားများတူးဖော်မှုကြောင့် ကြီးမားသော ကျင်းကျန်ကြီးများဖြစ်ပေါ်နေခြင်း၊ ကပစ ၂၀ နှင့် စေတုတ္တရာမြို့ကို ဆက်သွယ်ထားသော လျှပ်စစ်မီးတိုင်များကို လေယာဉ်ကွင်းအလယ်ကဖြတ်ပြီး သွယ်တန်းတည်ဆောက်ထားခြင်းတို့ကြောင့် လေယာဉ်ကွင်းအဖြစ်ဆက်လက်သုံးစွဲ၍ မရနိုင်တော့ သည့် အခြေအနေရှိပါကြောင်း၊ စေတုတ္တရာမြို့သည် အရှေ့ဘက်တွင် မုန်းချောင်း၊ တောင်ဘက်တွင် ဆီမီးချောင်းတို့တည်ရှိပြီး မိုးရာသီတွင် တမံရေပြင်ကြီး ပတ်လည်ဝိုင်းနေသောမြို့ ဖြစ်ပါကြောင်း၊ ၂၀၁၅ ရေဘေးကဲ့သို့ ရေဘေးအန္တရာယ်တွေ့ကြုံတိုင်း ကုန်းမြင်‌့ရှိရာ မြောက်ဘက်က လေယာဉ်ကွင်း တွင် ပြည်သူများရေဘေးရှောင်နားခိုကြရပါကြောင်း၊ တဖြည်းဖြည်း တိုးတက်လာသော လူဦးရေနှင့် အိမ်ထောင်စုများ မြို့မြေတိုးချဲ့ရန် အခက်အခဲရှိသည့်အတွက် အသုံးပြုရန်မဖြစ်နိုင်တော့သည့် လေယာဉ်ကွင်းဟောင်းကို မြို့ခံပြည်သူလူထု၏ လိုအပ်ချက်အတွက် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိသိလိုပါ၍ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့ရှိ နှစ် ၃၀ ကျော် အသုံးမပြုတော့သော လေယာဉ်ကွင်းဟောင်းအား လေယာဉ်များဆင်းသက်ရန်နှင်‌့ လေယာဉ်ကွင်းအဖြစ် ဆက်လက် အသုံးပြုရန် အစီအစဉ်ရှိ/မရှိနှင်‌့ အစီအစဉ်မရှိပါက ဒေသခံပြည်သူများအတွက် မြို့မြေအဖြစ် တိုးချဲ့ပေးရန်၊ စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။