(ဂ)-မိုင်းပန်မြို့နယ်၊ နောင်လုံအင်း တိမ်ကော ရေ ခမ်းခြောက်မှုအား တူးဖော်ပြုပြင်ထိန်းသိမ်းပေးနိုင် ရန် နှင့်နောင်လုံအင်း ရေဝေဧရိယာအား ယခင်အ တိုင်း တိကျစွာ သတ်မှတ်တိုင်းတာပေးရန် အစီအ စဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-11-06
မေးခွန်း အကြောင်းအရာ 

usaiမိုင်းပန်မြို့နယ်သည် ယခင်ရှမ်းလူမျိုးများ၏ ရှေးဟောင်းရာဇဝင်သမိုင်း‌ကြောင်းများနှင့် အထင်ကရ နေရာများအဖြစ် တည်ရှိခဲ့သည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ တောင်ကြီး၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်သွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပြီး တောင်ကုန်း တောင်တန်းများအကြား ဆန်စပါးစိုက်ခင်းများကြား စိုက်ပျိုးရေးကိုသာ အခြေခံသည့်စီးပွားရေး လုပ်ငန်း ကိုသာ လုပ်ကိုင်သည့်မြို့တစ်မြို့ဖြစ်ပါကြောင်း၊  သမိုင်းကြောင်းအရ မိုင်းပန်မြို့တွင် လွန်ခဲ့ သည့်နှစ်ပေါင်းများစွာက ဒေသတွင်း အင်းကြီးတစ်ခုတည်ရှိခဲ့ပြီး အလယ်တွင် ကျွန်းမျှောကြီး တစ်ခု တည်ရှိခဲ့ပါကြောင်း၊၎င်းကျွန်းမျှောကြီး ရေလယ်တွင် ရွှေ့လျားလည်ပတ်နေသည် ကို အစွဲပြုပြီး မိုင်းပန်မြို့ကို လည်နေသည့်မြို့ဟုလည်း ခေါ်တွင်ခဲ့ပါကြောင်း၊ ယခင်က ကျွန်းမျှောကြီးဟု ယူဆရ သည် နောင်လုံကျေးရွာအနီးရှိတွင် ဗုဒ္ဓရုပ်ပွားတော်များနှင့် မိုင်းပန်မြို့ သမိုင်းဝင် နန်းယီဆိုင်ကော် ပုံတူများ၊ ကျောင်းများဆောက်လုပ်ထားကာ သမိုင်းများကို ထိန်းသိမ်း ထားရှိပါကြောင်း၊  လွန်ခဲ့သည့် သုံးနှစ်ခန့်မှ စ၍ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲလာမှုကြောင့် နောင်လုံအင်းကြီးသည် ဧက ၁၀၀ ခန့်ရေပြင်ရှိရာတွင် ရေတိမ်ကော ခန်းခြောက်လာသည်ကို တွေ့ရှိရပါကြောင်း၊ နောင်လုံ အင်းကြီး တိမ်ကောလာမှုကို အခွင့်ကောင်းယူ၍ အင်းမြေပေါ်တွင် ယာလုပ်ကိုင်သူ ၁၀ ဦးခန့်သည် စိုက်ပျိုးမြေ ကျူးကျော်ချဲ့ထွင် လုပ်ကိုင်လာခဲ့ပါကြောင်း၊ အင်းကြီးကို ပြန်လည် တူးဖော်ပြီးပါက အခြား ထူးခြားသောဒေသများကဲ့သို့ မိုင်းပန်ဒေသ၏ တိုင်းရင်းသား လူမျိုးများ ယဉ်ကျေးမှု၊ နေထိုင်မှု၊ သမိုင်းကြောင်းအစဉ်အလာတို့ကို အခြားသူများလာရောက် လေ့လာသိရှိနိုင်မည်ဖြစ်ပြီး  ခရီးသွား လုပ်ငန်းများလည်း ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ မိုင်းပန်မြို့နယ်အတွင်း သမိုင်းဝင် နန်းယီဆိုင်ကော်ကျောင်းနှင့် ရုပ်တုများတည်ရှိရာ နောင်တော် အင်းရေ တိမ်ကောခန်းခြောက်မှုကို တူးဖော်ပြုပြင်ထိန်းသိမ်းရန်နှင့် အင်းအတွင်းတိမ်ကောလာမှုကို အခွင့်ကောင်းယူ၍ စိုက်ပျိုးမြေများ ကျူးကျော်ချဲ့ထွင်လာခြင်းအတွက် နောင်လုံအင်းရေဝေဧရိယာကို ယခင်အတိုင်းတိကျစွာ တိုင်းတာ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ ကို သိလိုပါကြောင်း မေးမြန်းပါသည်။