(င)-ပေါက်တောမြို့ကို ၆၄ လက်မ တစ်မိုင်စကေး ဖြင့် မြို့မြေတိုင်းတာ တွက်ချက် သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ပေါက်တောမြို့သည် ယခင်က သာသနာရေးဝန်ကြီးဌာန ၁၂-၁၂-၁၉၇၂ ရက်စွဲပါ အမိန့်ကြေညာ စာအမှတ်၊(၁၀၃/၃၀) စိတ်(၁)ဖြင့် မြို့အဖြစ်သတ်မှတ် ကြေညာခဲ့ပါကြောင်း၊ ထိုစဉ်က မြို့ဧရိယာမှာ ဧက ၅၀ သာရှိပြီး ရပ်ကွက်သုံးကွက်ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ယခုအခါ ၎င်းရပ်ကွက်များကို တိုးချဲ့ ပြီး ရပ်ကွက်ငါးရပ်ကွက်ထိအောင် တိုးချဲ့ကျယ် ပြန့်လာခဲ့ပါကြောင်း၊ ရပ်ကွက်များတွင်တိုးပွားလာ သည့် မိသားစုများကြောင့် မြို့မြေနေရာသည် အရင် ၅၀ ဧကမှ ယခု ၄၂၀ ဧက ဖြစ်လာပါကြောင်း၊ မြို့ကိုမူလတိုင်းတာသည့် အတိုင်းအတာသည် မြို့ကွက်မြေပုံမဟုတ်ဘဲနဲ့ မြေစာရင်းအခေါ် တောကွင်း အဖြစ်သာ ရှိနေပါကြောင်း၊ မြို့မြေကိုလည်း ၁၆ လက်မ ၁ မိုင်စကေးဖြင့် ပြေးဆွဲ ထားခြင်းဖြစ် သည့်အတွက် အသေးစိတ်တွက်ချက်ရန်ခက်ခဲပါကြောင်း၊ ၁၆ လက်မ ၁ မိုင်စကေးဖြင့် ပြေးဆွဲသည့် မြေပုံသည် မှင်တစ်စက်ကို ၇ ပေအထိကူးသွားသည်ဟု ဆိုပါကြောင်း၊ ထို့ကြောင့် ဂရန်မြေများကို ရေးဆွဲသည့် နေရာတွင် အလွန်သေးနုတ်ပြီး အခက်အခဲများနှင့် ကြုံခဲ့ရပါကြောင်း၊ မြေတစ်ကွက်နှင့် တစ်ကွက် ရောယှက်နေသည့်အတွက် ပိုင်ဆိုင်မှု အငြင်းပွားရပါကြောင်း၊ အကွက်ထဲတွင် ဆောက် သည့် အိမ်များနှင့် ပတ်သက်ပြီး Biolog လို့ခေါ်သည့် အဆောက်အဦ စည်းကမ်းဥပဒေရှိသော်လည်း အသုံးချ၍မရပါကြောင်း၊ မြေများကိုခွဲစိတ်၊ရောင်းချ၊ ပေါင်နှံ၊ တဆင့်လွှဲပြောင်းသည့်နေရာ၊ အမွေ ဆက်ခံ သည့် နေရာတွင် စနစ်တကျ စာချုပ်စာတမ်းများနှင့် မှတ်တမ်းတင်၍မရ ဖြစ်နေပါကြောင်း၊ တယ်။ နောက်တစ်ချက်မှ မြို့ပေါ်ရှိလမ်းများ၊ ရေမြောင်းများ၊ ရေကန်များကို နယ်နိမိတ် ကျော်ပြီး တည်ဆောက်လာသည်ကိုလည်း တိုင်းတာစစ်ဆေးတားမြစ်ရန် အဆင်မပြေဖြစ်နေပါကြောင်း၊ မြို့နှင့် ကပ်လျက် ရှိသည့် လယ်ယာမြေများကို လယ်ယာမြေ ဥပဒေနှင့်အညီ အခြားနည်းလမ်းဖြင့် အသုံးပြု ခွင့်တောင်းခံခြင်းမရှိဘဲ၎င်းတို့၏အစီအစဉ်ဖြင့် ကျူးကျော်တိုးချဲ့ ဆောက်လုပ်လာသည်ကို တွေ့ရပါ ကြောင်း၊ ပိုင်ဆိုင်မှုမြေစာရင်းပုံစံ၁(က) မရေး ဆွဲပေးနိုင်သည့်အတွက်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဂရန်သစ်များရေးဆွဲတိုင်းတာတွက်ချက်ရန်လိုအပ်ပါကြောင်း၊ မြို့မြေကို ခေတ်မီတိုင်းတာကိရိယာများ နှင့်သုံးစွဲပြီး ၆၄ လက်မ တစ်မိုင်စကေးဖြင့် ရေးဆွဲနိုင်မှသာ အထက်ပါအခြေအနေများကို ဖြေရှင်းနိုင် မည်ဖြစ်ပါကြောင်း၊ အများပြည်သူသန့်ရှင်းရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေး မြို့ဖွံ့ဖြိုးရေးလုပ်ငန်း များကို ပီပြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြို့မြေပုံကို ၆၄ လက်မ တစ်မိုင်စကေးဖြင့် ရေးဆွဲရန်မဖြစ်မနေ လိုအပ်နေပါကြောင်း၊ ၎င်းအတွက် Myanmar Ration Officer နှင့် Boundary Officer တို့ကိုလည်း ခန့်ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့်မြို့မြေစီမံခန့်ခွဲရေးကို ဆောင်ရွက်နိုင်ရန် အခြားမြို့ကြီးများနည်းတူ ၆၄ လက်မ တစ်မိုင်စကေးဖြင့် တိုင်းတာ သတ်မှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။