(စ)-ဗန်းမောက်မြို့အနီးရှိ ဟဲထန် ဆည်အား တာ ပေါင်ပြုပြင်ထိန်းသိမ်းခြင်း၊ရေလွှဲတံခါးတပ်ဆင်ခြင်း နှင့်ဆည်ရေမြောင်း စနစ်တကျတူးဖော်ဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ဗန်းမောက်မြို့နယ်တွင် ရပ်ကွက်သုံးခုနှင့် ကျေးရွာအုပ်စု ၄၇ အုပ်စုရှိပြီး လူဦးရေတစ်သိန်း တစ်သောင်းကျော် နေထိုင်လျက်ရှိပြီး မြို့ပေါ်ရွက်ကွက် သုံးရပ်ကွက်မှာဆိုလို့ရှိရင် အိမ်ထောင်စုပေါင်း ၁၂၁၂ ခုရှိပြီး လူဦးရေပေါင်း တစ်သောင်းခန့် နေထိုင်လျက်ရှိပါကြောင်း၊ ဗန်းမောက်မြို့အနီး နားယကာရေလွှဲဆည်နှင့် ဟဲထန်ရေလွှဲဆည်နှစ်ခုရှိသည့်အနက် နားယကာရေလွှဲဆည်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သော်လည်း ဟဲထန်ဆည် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ဟဲထန်ဆည်အား ရေများစုဆောင်း၍ ရေလိုအပ်ချိန် ရေထုတ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့သော်လည်း တာပေါင်များမခိုင်ခန့်ခြင်း၊ ရေလွှဲတံခါးများ တည်ဆောက်မထားနိုင်ခြင်း၊ ဆည်ရေမြောင်းများ စနစ်တကျမရှိခြင်းတို့ကြောင့် ရည်ရွယ်ချက် မအောင်မြင်ခဲ့သည့်အပြင် နှစ်စဉ်မြို့တွင်း ရေလွှမ်းမိုးမှုများ ကြုံတွေ့နေရပါကြောင်း၊ မိုးရာသီရေများချိန်တွင် ရေများစုဆောင်းသိုလှောင်ပြီး ပိုလျှံရေများကို ရေဝေမြောင်းမှတစ်ဆင့် မျက်နှာနာကွင်း၊ ကျွကောကုန်းကွင်း၊ အောင်သာကုန်းကွင်းရှိ လယ်ကွက်များသို့ ရေပေးဝေရန် ရည်ရွယ်ထားသော်လည်း ရေမြောင်းများစနစ်တကျ ဆောင်ရွက်ထားခြင်း မရှိခြင်းတို့ကြောင့် လည်းကောင်း၊ ရေမြောင်းများ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် လည်းကောင်း၊ မြို့တွင်းရေမြောင်းများ အိမ်ခြံမြေများချဲ့၍ ရေမြောင်းများ ကျဉ်းသွားစေခြင်းတို့ကြောင့်လည်းကောင်း ရေများ လိုရာမရောက်ခဲ့ပါကြောင်း၊ နွေရာသီချောင်းရေများနည်းပြီး မြို့တွင်းရေမြောင်းများ ရေပြတ်သည့်အခါ မြို့တွင်းရှိ ရေတွင်းများ၊ ရေကန်များ ရေခန်းပြီး ရေအခက်အခဲဖြစ်ပေါ်လျက်ရှိပါကြောင်း၊ နွေရာသီအချိန် ဟဲထန်ဆည်မှ မြို့တွင်းရေပေးဝေနိုင်ရန် ယခင်ကဆောင်ရွက်ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိပါကြောင်း၊ ဟဲထန်ဆည်မှ ရေပေးဝေခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် နောက်ထပ်အမြင့်ပေ ၉ ပေခန့်၊ ရေသိုလှောင်ရန်အတွက် တာပေါင်အမြင့်ရှိသော်လည်း မြေသားတာပေါင် ဖြစ်နေခြင်း၊ တာပေါင်အောက်ခြေများ ရေစိမ့်ထွက်နေခြင်းတို့ကြောင့် ရေလှောင်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ တာပေါင်များကျိုးပျက်ပါက ရေအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး မြို့ရေ လွှမ်းမိုးခြင်းများအတွက် စိုးရိမ်ရပါတယ်။ နှစ်စဉ် မိုးများလျှင် ဆည်ရေများ ရေလျှံပြီးတော့မှ မြို့တွင်းရေဝင်ရောက်ကာ နစ်မြုပ်ခြင်းများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။ ရည်ရွယ်ချက်များ အောင်မြင်စေရန်နှင့် ရေလွှမ်းခြင်းမဖြစ်ပေါ် စေရန်အတွက် ကျောက်ရိုးစီခိုင်ခန့်သော တာပေါင်ပြုပြင်ခြင်းလုပ်ငန်း၊ ရေလွှဲတံခါးတပ်ဆင်ခြင်းလုပ်ငန်း၊ ဆည်ရေမြောင်းစနစ်တကျ တည်ဆောက်ပေးခြင်း ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ဆည်ရေမြောင်းစနစ်တကျ တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်နှစ်တွင် ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အကြောင့် ဖြစ်သည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။