(က)-ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင်ပြင်ပ အလုပ်သမားများအားအလုပ်သမားတစ်ယောက်ရရှိ ရမည့်လစာအခွင့်အရေးအတွက်အာမခံပေးနိုင်ရန် လုပ်ကိုင်ခွင့်ရကုမ္ပဏီနှင့်တစ်ဆင့်ခံကုမ္ပဏီတို့အား ကြီးကြပ်ကွပ်ကဲပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့် နိုင်ငံခြားကုမ္ပဏီ တို့ ပူးပေါင်းပြီး နိုင်ငံတော်စီမံကိန်းကို အတူပူးပေါင်းလုပ်ကိုင်နေပြီး ၎င်းစီမံကိန်းသည် ပန်းတောင်း မြို့နယ် အတွင်းဆောင်ရွက်နေရာမှာ ပြည်သူနှင့် ထိတွေ့လုပ်ကိုင်ရသည့်လုပ်ငန်း၏ တစ်ရာခိုင်နှုန်းခန့် သာ ပြီးစီးပြီး ကျန် ၉၉ ရာခိုင်နှုန်းခန့်သော လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပြီး ကျေးရွာအုပ်စု ၁၆ အုပ်စု၏ ရွာ ၆၇ ရွာနှင့်ပတ်သက်လုပ်ကိုင်ရမည်ဖြစ်ကြောင်းနှင့် အစွန်းထွက်ဂဏန်းမျှသာရှိသည့် ရွာခုနစ်ရွာမှ ပြည်သူအချို့ ကန့်ကွက်နေကြသည်ဟုလည်း ကြားသိရပါကြောင်း၊
ယခုနှစ် ဇွန်လအတွင်း အဆိုပါလုပ်ငန်းကို ပန်းတောင်းမြို့နယ်အတွင်း ဆောင်ရွက်ရာတွင် အနယ်နယ် အရပ်ရပ်မှပြည်သူများလာရောက်လုပ်ကိုင်ကြသလို ပန်းတောင်းမြို့နယ်မှလည်း လုပ်ကိုင် ခဲ့ကြပါကြောင်း၊ ထိုသို့ဝင်ရောက်လုပ်ကိုင်သူများမှ မိမိတို့လုပ်ကိုင်ခဲ့သည့်အတွက် လစာနှင့်အခွင့် အရေးများရရှိရန် အခက်အခဲများကြုံတွေ့နေရကြောင်း၊ ၎င်းပြဿနာများဖြေရှင်းနိုင်ရန်အတွက် MOGE မှ တာဝန်ရှိသူများကို မေးမြန်းသည့်အခါ ၎င်းတို့က MOGEနှင့် မသက်ဆိုင်ပါကြာင်း၊ ငှားရမ်းလုပ်ကိုင်သည့် တစ်ဆင့်ခံကုမ္ပဏီနှင့်သာ သက်ဆိုင်ကြောင်း လစာမရသည့်ကိစ္စကြောင့် မကျေနပ်မှုများ မိမိတို့မြို့နယ်တွင်ဖြစ်ပွားခဲ့ပါကြောင်း၊ မည်သည့်ပြဿနာကြောင့်ဖြစ်စေ လုပ်ငန်း ကိုထိခိုက်မည်ဆိုပါက MOGE အနေဖြင့်တာဝန်ရှိသည်ဟု ဆိုနိုင်ပါကြောင်း၊ ထို့ကြောင့် မည်သည့် ပြဿနာများမျှမဖြစ်အောင် အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ပြီး ကြီးကြပ်ကွပ်ကဲရမည်ဖြစ်ပါကြောင်း၊ လုပ်ကိုင်ခွင့်ရကုမ္ပဏီမှ လုပ်ငန်းဖော်ဆောင်နိုင်ရန် တစ်ဆင့်ခံကုမ္ပဏီကို ထပ်မံငှားရမ်းလုပ်ကိုင် သည်ဟုဆိုသော်လည်း MOGE နှင့်လုပ်ကိုင်ခွင့်ရ ကုမ္ပဏီပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်စီမံကိန်းအောင်မြင်ရန် ၄င်လုပ်ငန်းနှင့် ပတ်သက်သည့် အရပ်ရပ်ကိစ္စကို MOGE မှကြီးကြပ်ကွပ်ကဲရန် လိုအပ်မည်ဖြစ်ပါသောကြောင့် အစိုးရစီမံကိန်း သို့မဟုတ် အစိုးရခွင့်ပြုချက်ဖြင့် လုပ်ကိုင်လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြင်ပအလုပ်သမား များအား အလုပ်သမားတစ်ယောက်ရရှိရမည့် လစာအခွင့်အရေးတို့အတွက် အာမခံပေးနိုင်ရန် လုပ်ကိုင်ခွင့်ရကုမ္ပဏီနှင့် အဆင့်ခံကုမ္ပဏီတို့အား ကြီးကြပ်ကွက်ကဲပေးရန်အစီအစဉ်ရှိ/မရှိ ကိုသိလိုပါ ကြောင်းမေးမြန်းပါသည်။