(ဃ)-ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးရွာပေါင်း (၄၁၆)ရွာသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမည့် လုပ်ငန်းလျာထားချက်၊ စီမံချက်များနှင့် ခန့်မှန်းပြီးစီးနိုင်မည့် ကာလကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၄၁၆ ရွာသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသွယ်တန်းပေးရန် ဂျာမနီနိုင်ငံ KFW Development Bank၊ ချေးငွေယူရို ၂၃.၈၈၃ သန်းဖြင့် လျာထားဆောင်ရွက်မည် ဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လာရောက် ရှင်းလင်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းအစီအစဉ်တွင် မူလမဟာဓာတ်အားလိုင်း စနစ်ကနေ ချိတ်ဆက်ပြီး လက်ရှိ 11 KV ၏ ဓာတ်အားလိုင်း ၂ မိုင်မှ ၅ မိုင်အတွင်းရှိ ကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းအနေနှင့် ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ ဓာတ်အားခွဲရုံနှင့် ထရန်စဖော်မာ တိုးချဲ့ခြင်းလုပ်ငန်းများ ပါဝင်မည်ဟုလည်း သိရှိရပါကြောင်း၊ ပြည်သူလူထုအနေဖြင့် လျှပ်စစ်မီးရရှိမည့် အခွင့်အရေးကို အထူးမျှော်လင့်လျက် ရှိကြပါကြောင်း၊
ကျေးလက်နေပြည်သူများကိုယ်စား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၄၁၆ ရွာသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမည့် လုပ်ငန်းလျာထားချက်နှင့် လင်းခေးခရိုင်အတွင်း ဆောင်ရွက်ပေးမည့် စီမံချက်များသိရှိခြင်းနှင့် လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ခိုမတ်မွန်ကျေးရွာ၊ နားသဲကျေးရွာနှင့် ခိုဆိုင်း၊ မိုင်းပုတ်ကျေးရွာတို့ တွင် ဆောင်ရွက်ပေးမည့် အသေးစိတ်စီမံချက်များနှင့် ခန့်မှန်းပြီးစီးနိုင်မည့် ကာလတို့ကို သိရှိလိုပါ မေးမြန်းပါသည်။