(င)-မြစ်သားမြို့နယ်၊ ဒါးရဲကောင်းကျေးရွာတွင်33/ 11KVA(5)MVAဓာတ်အားခွဲရုံတစ်ရုံတည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့မြို့နယ်တွင် တိုင်းဒေသကြီး(၁)နှင့် တိုင်းဒေသကြီး(၂) နှစ်ခုရှိသည့် နှိုင်းယှဉ်ကြည့်ပါက တိုင်းဒေသကြီး(၁)က တိုင်းဒေသကြီး(၂)ထက် ဖွံ့ဖြိုးမှုအနည်းငယ်နောက်ကျလေ့ရှိပါကြောင်း၊ အဓိက အကြောင်းအရင်းက လျှပ်စစ်မီးမရရှိခြင်း ဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် တိုင်းဒေသကြီး (၁) ရှိ ရွာများက ပင်မဓာတ်အားလိုင်းနှင့် ဝေးကွာပြီး အဆိုပါဒေသများကို ဖြန့်ဖြူးပေးရန် ခွဲရုံမရှိ၍ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုယ်ထူကိုယ်ထနှင့်သော်လည်းကောင်း၊ World Bank က NEP နှင့် သော်လည်းကောင်း၊ တိုင်းဒေသကြီး ဘတ်ဂျက်နှင့်သော်လည်းကောင်း လျှပ်စစ်မီးရရှိရန် အလှမ်း ဝေးကွာလျက်ရှိသည့်အပြင် မိမိတို့ NEP ၊World Bank ကချေးငွေများ၊ တိုင်းဒေသကြီး ဘတ်ဂျက်တို့ကလည်း Feet one က ၂ မိုင်၊ Feet two က ငါးမိုင်အတွင်းကို ဦးစားပေးမည် ဖြစ်သည့်အတွက် ယခုအတိုင်းဆက်သွားနေပါက ကြာလေလေ ဖွံ့ဖြိုးမှုက အလှမ်းကွာလေလေ ဖြစ်မည်ကို စိုးရိမ်မိပါကြောင်း၊ မိမိ ယခုမေးခွန်း တင်ပြီးသည့်အခါ တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်က လျှပ်စစ်ကော်မတီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီး အင်ဂျင်နီယာတို့က လာရောက်ကွင်းဆင်းပြီး ကြည့်ရှုပြီးသွားပြီဟု သိရှိရပါကြောင်း၊ အဆိုပါ ခွဲရုံ တည်ဆောက်ရန် မြေနေရာကိုလည်း ရရှိပြီး ဖြစ်ပါကြောင်း၊ ၎င်းမေးခွန်းကို ၂၅-၉-၂၀၁၇ က မေးမြန်းခဲ့ပါကြောင်း၊သို့ဖြစ်ပါ၍ မြစ်သားမြို့နယ်သာမက ကျောက်ဆည်မြို့နယ် ရွာပေါင်း ၅၀ ခန့် မီးလင်းရန် အခွင့်အလမ်းရရှိနိုင်ရေးအတွက် မြစ်သားမြို့နယ်၊ ဒါးရဲကောင်းကျေးရွာတွင် 33/11 KVA (5) MVA ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။