(ခ)-ပလက်ဝမြို့နယ်၊ ပျဉ်ဝကျေးရွာမှ အီဝရွာနှင့် တပ်ချောင်းရွာတို့ကိုဖြတ်၍သံထောင်ရွာအထိကား လမ်းဖောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2017-11-14
မေးခွန်း အကြောင်းအရာ 

usainပလက်ဝမြို့နယ်သည် ချင်းပြည်နယ်၏ တောင်ဘက်အစွန်ဆုံးကျ မြို့နယ်တစ်ခုဖြစ်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၃၀၀၀ ကျော်ကျယ်ဝန်း၍ တောင်ကုန်း တောင်တန်းတွေထူထပ်ပြီး မြစ်/ချောင်းများ ပေါများသည့်အတွက် လမ်းပန်းဆက်သွယ်ရေးတွင် ယနေ့အထိ အလွန်ခက်ခဲလျက်ရှိပါကြောင်း၊ ပလက်ဝမြို့၏အနောက်ဘက်ခြမ်းတွင် တည်ချောင်းဒေသ၊ ကုလားတန်မြစ်ကြောင်း တစ်လျှောက် ဒေသကို ကုလားတန်ဘက်ဒေသ၊ မီးချောင်း တစ်လျှောက်ဧရိယာကို မီးချောင်းဒေသနှင့် သံထောင်ရွာ တည်ရှိရာ လေးမြို့မြစ်တစ်လျှောက်ဒေသကို လေးမျိုးဒေသ သို့မဟုတ် သံထောင်ဒေသဟု သတ်မှတ် ခေါ်ဆိုကြပါကြောင်း၊ တောင်ကုန်းတောင်တန်းများ၊ မြစ်များ၊ ချောင်များပေါများသည့်အတွက် တစ်နေရာ နှင့်တစ်နေရာ လမ်းပန်းဆက်သွယ်သည့်အခါ အလွန်ခက်ခဲနေဆဲဖြစ်ပါကြောင်း၊ လေးမြို့ ဒေသ သို့မဟုတ် သံထောင်ဒေသတွင် ကျေးရွာအုပ်စု ၁၈ အုပ်စု၊ ရွာပေါင်း ၁၉ ရွာရှိပြီး လူဦးရေ ၁၂၀၀၀ ကျော်နေထိုင်လျက်ရှိပါကြောင်း၊ ပလက်ဝမြို့မှ သံထောင်ဒေသဘက်သို့ သွားလာသည့်အခါ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်များကို ဖြတ်သန်းပြီး သွားရပါ ကြောင်း၊ ထို့အပြင် မြောက်ဦးမြို့နယ်၊ စဉ့်အိုးရွာမှတစ်ဆင့် စက်လှေဖြင့် လေးမြို့မြစ်ကို ဆန်တက်ပြီး သွားရပါ ကြောင်း၊ လေးမြို့မြစ်သည် အင်မတန်ရေစီးသန်ပြီး အန္တရာယ်များပါကြောင်း၊ သံထောင်ဒေသဘက်မှ ပလက်ဝမြို့ သို့မဟုတ် စမီးမြို့ဘက်သို့ သွားသည့်အခါတွင် အထက်ပါလမ်းအတိုင်း သွားလာရ သည့်အတွက် ကုန်ကျစရိတ်မြင့်မားခြင်း၊ အချိန်ပိုပေးရခြင်း စသည့်အခက်အခဲများကို ရင်ဆိုင်နေရဆဲ ဖြစ်ပါကြောင်း၊ မီးချောင်း ပျဉ်ဝကျေးရွာမှ သံထောင်ရွာအထိ ကုန်းလမ်းမိုင် ၄၀ ခန့် ကွာဝေးသည်ဟု သိရသည့်အတွက် ၎င်းကို ကားလမ်း ဖောက်လုပ်ပေးမည်ဆိုပါက ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် သွားလာရေးပိုမိုအဆင်ပြေမှာဖြစ်ပြီး အချိန်နှင့်ကုန်ကျစရိတ်လည်း သက်သာ မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပလက်ဝမြို့နယ်၊ ပျဉ်ဝကျေးရွာမှ အီဝရွာနှင့် တပ်ချောင်းရွာ တို့ကိုဖြတ် ၍ သံထောင်ရွာအထိ ကားလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။