(က)-တိုင်းပြည်အနာဂတ် အကျိုးစီးပွားအတွက် မသန်စွမ်းမှုလျှော့ချရေး၊ ကူညီထောက်ပံ့ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင် ရွက်နေမှုနှင့်တိုးမြှင့်ဆောင်ရွက်ရန်အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-11-15
မေးခွန်း အကြောင်းအရာ 

daw aye aye muမိမိတို့နိုင်ငံသည် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုသန်းခေါင်စာရင်းတွင် ဖော်ပြထားသော မသန်စွမ်းမှုများနှင့် ပတ်သက်သည့် အချက်အလက်များအရ လူဦးရေသန်း ၅၀၂၇၉၉၀၀ ရှိရာ မသန်စွမ်းသူဦးရေ ၂၃၁၁၂၅၀ ဦးရှိခြင်း၊ ရာခိုင်နှုန်းအားဖြင့်လည်း ၄.၆ ရာခိုင်နှုန်းရှိပါကြောင်း၊

ပြည်ထောင်စုတွင် မြို့ပြနှင့်ကျေးလက်တို့၏ မသန်စွမ်းမှုအခြေအနေကို ကြည့်မည်ဆိုလျှင် မြို့ပြတွင် ၃.၆ ရာခိုင်နှုန်းနှင့် ကျေးလက်ဒေသများတွင် ၅.၀ ရာခိုင်နှုန်းရှိသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ အသက် ၆၀ နှင့်အထက် အပိုင်းအခြားက အသက်အရွယ်အရ အမြင်နှင့်အကြား ချို့ယွင်းမှုကိုပါ ကောက်ယူခဲ့ခြင်းကြောင့် ရာခိုင်နှုန်းများနေခြင်း ဖြစ်နိုင်ပါကြောင်း၊

နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးရေးနှင့် လူမှုဘဝလုံခြုံရေးအတွက် အလွန်စိုးရိမ်ပူပန်နေမှုတို့ ဖြစ်သည့်အတွက်ကြောင့် တိုင်းပြည်လူဦးရေ၏ ၃၆ ရာခိုင်နှုန်းကျော်ရှိသည့် အသက် ၃၀ မှ ၅၉ နှစ်ကြား အုပ်စုကြီးသည် မသန်စွမ်းမှုရာခိုင်နှုန်း ၄.၉ ရာခိုင်နှုန်းရှိနေခြင်းကြောင့် မိမိတို့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေခြင်းဖြစ်ပါကြောင်း၊ ၎င်းအုပ်စုကြီးသည် တိုင်းပြည်၏အနာဂတ်ကို ပုံဖော်ထုစစ်မည့် လုပ်သားအင်အားစုကြီး ဖြစ်ပါကြောင်း၊ ထိုကိန်းကဏန်းများသည် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းများအရဖြစ်ပြီး ယခုလက်ရှိအချိန်မှာလည်း လျော့ကျသွားဖွယ်မရှိပါကြောင်း၊ မိမိတို့တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးမှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေနှင့် တိုင်းပြည်၏ ပဋိပက္ခအခြေအနေများကြား မသန်စွမ်းမှုအခြေအနေသည် လက်ရှိတွင်လည်း တိုးပွားနေဖွယ်ရှိပါကြောင်း၊

မသန်စွမ်းမှုဖြစ်ရသည့် အဓိကအကြောင်းနှစ်ချက်မှာ မွေးရာပါမသန်စွမ်းမှုနှင့် လူတို့၏ပယောဂ ဖြစ်စဉ်များကြောင့် ဆိုပြီးရှိရာမှာ မသန်စွမ်းမှု၊ မသန်စွမ်းသူများအပေါ် မိမိတို့သန်စွမ်းသူများက လူသားများပီပီ တာဝန်ယူကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မေးမြန်းလိုသည်မှာ တိုင်းပြည်၏ အနာဂတ်၏အကျိုးစီးပွားအတွက် မသန်စွမ်းမှုလျှော့ချရေး၊ ကူညီထောက်ပံ့ရေးနှင့် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် တိုးမြှင့်ဆောင်ရွက်သွားရန် အစီအစဉ်များအား သိရှိလိုပါကြောင်း မေးမြန်းပါသည်။