(ဂ)-ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ တွင်ရှိသော မြေကွက်လပ်များကို စီးပွားရေးအရ ဝင်ရောက်ကျူးကျော်ခွင့် ပြုနေခြင်းကို ဥပဒေအရ ထိရောက်စွာ အရေးယူရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် နေစရိတ်အကုန်ကောင်းသောကြောင့် အများပိုင်မြေများ၊ ရေစက်ကွက်များ၊ ကလေးကစားကွင်းများ၊ လမ်းများ၊ အကွက်အမှတ် ဖောက်ထားသော်လည်း အရန်ချထားပေးခြင်းမရှိသော မြေကွက်များကို ငွေကြေးတတ်နိုင်သူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်း၍သော်လည်းကောင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍သော်လည်းကောင်း ဝင်ရောက်ကျူးကျော်၍ အခိုင်အမာအဆောက်အအုံ ဆောက်လုပ်ခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်းကို အတင့်ရဲစွာ ပြုလုပ်ဆောင်ရွက် နေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကျူးကျော်တရားမဝင် ဝင်ရောက်မှုများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အခကြေးငွေ၊ အဂတိလိုက်စား၍ ခွင့်ပြုပြီးမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများကလည်း အဂတိလိုက်စား၍ အရေးယူခြင်းမရှိဘဲ ကျူးကျော်မှုကို ခွင့်ပြုနေပါသဖြင့် ထိုရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သက်ဆိုင်ရာ ဝန်ထမ်းများကို ထိရောက်စွာအရေးယူ ပေးရန်လိုအပ်ပါကြောင်း၊ မိမိမှ ၎င်းမေးခွန်းကိုမေးသည့်အခါ ရမ်းသမ်းမေးခြင်းမဟုတ်ဘဲ အထောက်အထားအပြည့်အစုံရှိသည့်အတွက် မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်က ထိုကျူးကျော်မြေကွက်ကို နောက်တစ်ဦးအား ရောင်းသည့်အခါတွင် သူကအသိသက်သေအဖြစ် လက်မှတ်ထိုးပေးထားသည့် စာရွက်ကဲ့သို့ အမျိုးအစားများကို အထောက်အထားဖြင့် ရရှိထားပါကြောင်း၊ ၎င်း မြေများသည် နိုင်ငံပိုင်မြေများ ဖြစ်သည့်အတွက် တန်ဖိုးရှိပါကြောင်း၊ ယခုခေတ်ပေါက်ဈေးအရ မြေတစ်ကွက်က သိန်းထောင်ချီ တန်သည့် မြေကွက်မျိုးများရှိသည့်အတွက် မိမိတို့နိုင်ငံတွင် ဘတ်ဂျက်လိုငွေပြနေကြောင်း၊ ဘတ်ဂျက်လိုငွေပြနေသည့်အခါ မသမာသူများက နိုင်ငံပိုင်မြေများကိုဝင်ရောက်ပြီး ကာလကြာရှည် နေထိုင်သည့်အတွက် ၎င်းတို့ပိုင်ဆိုင်သကဲ့သို့ ဖြစ်သွားပါကြောင်း၊ ထိုမြေများကို အကယ်၍ အသုံးမချနိုင်သေးပါကလည်း လေလံတင်ရောင်းချမည်ဆိုလျှင် နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေကို အထိုက်အလျောက် ဖြည့်ဆည်းနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့က ထိုကိစ္စနှင့်ပတ်သက်ပြီး အထောက်အထားနှင့် တွေ့သည့်အခါ တိုင်ကြားပါကြောင်း၊ တိုင်ကြားသော်လည်း ထိရောက်စွာ အရေးယူပေးခြင်း မရှိသည့်အတွက် ကျူးကျော်သူများကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာစည်ပင်သာယာရေး ဝန်ထမ်းများက ကျူးကျော်ခွင့်ပြုနေခြင်းကို ဥပဒေအရ ထိရောက်စွာ အရေးယူရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။