(ဃ)-လင်းခေးမြို့နယ်၊ မအွန်လောင်း ကူးတို့ဆိပ် နှင့် ပုန်းထွန်ကျေးရွာတွင် တိန်းချောင်းကူး တံတား နှစ်စင်း လိုအပ်လျက်ရှိသည့်အတွက် ကူညီဖြေရှင်း ပေးနိုင်ပါရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-06-12

မေးခွန်း အကြောင်းအရာ 

sai ba theinလင်းခေးမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော တိန်းချောင်း၏ အရှေ့ဘက်ကမ်းတွင် ကျေးရွာများ တည်ရှိခဲ့ပြီး လယ်ယာ၊ ဥယျာဉ် ခြံမြေများနှင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေ ခဲ့ကြပါကြောင်း၊ ၁၉၇၆ ခုနှစ်ပတ်ဝန်းကျင် ကာလတွင် ပြည်တွင်းစစ်ကြောင့် ဖြတ်လေးဖြတ် စီမံချက်များ ချမှတ်ခဲ့ပြီး ကျေးရွာများအား တိန်းချောင်း၏ အနောက်ဘက်ကမ်းသို့ အတင်းအကြပ် ရွှေ့ပြောင်းခြင်းခံခဲ့ရပါကြောင်း၊ ထိုစီမံချက်အကျိုးဆက်များ အဖြစ် ကျေးရွာနေ ပြည်သူလူထုများသည် မိမိတို့၏လယ်ယာ၊ ခြံမြေ၊ အိုးအိမ်၊ နေရာဒေသများကို စွန့်ခွာကာ ယခင်အစိုးရများမှ ချမှတ်ပေးခဲ့သည့် တိန်းချောင်းအနောက်ဘက် ကမ်းနေရာများကို ရွှေ့ပြောင်း နေထိုင်လုပ်ကိုင် စားသောက်ခဲ့ရပါကြောင်း၊ သို့သော် ကျေးရွာတောင်သူများအနေဖြင့် တိန်းချောင်း အရှေ့ဘက်ကမ်း ကိုသာ နေ့စဉ်နှင့်အမျှ ကူးသန်း သွားလာလုပ်ကိုင် စားသောက်နေရဆဲ ဖြစ်ပြီး တိန်ချောင်းကို ကူးသန်းသွားလာရာတွင် အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် နိုင်ငံတော် အနေဖြင့် မည်သို့ ကူညီပံ့ပိုးနိုင်မည်ကိုသိရှိလိုပါကြောင်း၊

ထို့ကြောင့် လင်းခေးမြို့နယ်၊ မအွန်လောင်းကျေးရွာအုပ်စု မအွန်လောင်းကူးတို့ဆိပ်နှင့် ပုန်းထွန်း ကျေးရွာတွင် လိုအပ်လျက်ရှိသော တိန်းချောင်းကူးတံတား နှစ်စီးကို တည်ဆောက်ပေးနိုင်ပါရန်နှင့် ပြည်သူလူထု အခက်အခဲများအား ကူညီဖြေရှင်းပေးနိုင်ပါရန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ မှ မည်သို့ဆောင်ရွက် ပေးနိုင်မည်နည်းနှင့် မည်သည့်ကာလတွင် စတင်အကောင်အထည် ဖော်ဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။