(က)-စက်မှုဝန်ကြီးဌာနနှင့်ဇွန်ဆေးဝါးနှင့်စားသောက် ကုန်ထုတ်လုပ်ရေးကုမ္ပဏီလီမိတက်တို့ချုပ်ဆိုခဲ့သော စာချုပ်ကို ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းရှိ/မရှိနှင့် နိုင်ငံတော်မှနှစ်အလိုက်ရရှိသောအကျိုးအမြတ်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-11-17
မေးခွန်း အကြောင်းအရာ 

u myint hun tunမိမိတို့နိုင်ငံတွင်သာမက ကမ္ဘာတွင် ရှားပါးမျိုးစိတ်တစ်ခုဖြစ်သည့် စပီရူလိုင်းနားလို့ခေါ်သည့် စိမ်းပြာ ရေညှိကို သဘာဝအတိုင်း ထွက်ရှိနေသည့် အင်းလေးခုသည် စစ်ကိုင်းတိုင်းဒေသကြီးတွင် တည်ရှိပါ ကြောင်း၊  ၎င်းအင်းလေးခုမှ ဘုတလင်မြို့နယ်တွင် တွင်းတောင်အင်း၊ စစ်ကိုင်းမြို့နယ်တွင် ရေခါးအင်း ၊ ကနီမြို့နယ်မှာ တောင်ပျောက်အင်း နှင့် တွင်းမအင်းတို့ဖြစ်ပါကြောင်း၊  မိမိတို့နိုင်ငံတွင် စိမ်းပြာရေညှိကို ၁၉၈၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် စိမ်းပြာရေညှိထုတ်လုပ်ရေးကို အကောင်အထည်ဖော်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ပရိုဗီမင်အားဆေးကို အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ တာဝန်ယူထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ ၂၀၀၃ ခုနှစ်တွင် အဏုဇီဝဆေးဝါးစက်ရုံကိုတည်ထောင်ပြီး စိမ်းပြာရေညှိကိုအခြေခံသည့် လူသုံးကုန်  ပစ္စည်းများအထိ ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊၂၀၁၂ ခုနှစ်အထိ နှစ်စဉ်ရေညှိတန်ချိန် တန် ၁၀၀ ကျော် ထိ ထုတ်ယူရရှိ ခဲ့သည်ဟုကြားသိရပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ဝန်ကြီးဌာနမှ ဇွန်ကုမ္ပဏီ နှင့် ၎င်းအင်းများကို ဖက်စပ် လုပ်ကိုင်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ဖက်စပ်လုပ်ပြီး တစ်နှစ်အတွင်း အင်းသုံးခု၏ ရေညှိထုတ်လုပ်မှု ကို ရပ်ဆိုင်းခဲ့ရပါကြောင်း၊ အင်းတွေက ရေညှိမထွက်သလို မွေးကန်များထဲတွင် အနည်းငယ်မွေးမြူ ထုတ်လုပ်မှုရှိပါကြောင်း၊ ထို့အပြင် မိမိတို့ဒေသတွင် ရှားပါးသည့် တွင်းပိုးလို့ခေါ်တဲ့ ဇီဝမျိုးစိတ်သည် စိမ်းပြာရေညှိနှင့်အတူ ပျောက်ကွယ်သွား ခဲ့ပါကြောင်း၊ ယခင်က တစ်နှစ်လျှင် တွင်းပိုးက တင်း ၂၀၀ လောက် ရရှိပြီး တွင်းပိုးတစ်တင်းကို တစ်သိန်းလောက်တန်ဖိုးရှိပါကြောင်း၊ ဒေသခံပြည်သူများအတွက် တွင်းပိုးထုတ်လုပ်ခြင်းမှ စီးပွားရေးအဆင်ပြေခဲ့ကြပါကြောင်း၊ ၎င်းတွင်းတောင်စက်ရုံတွင် အရင်လည်ပတ်နေစဉ်က စက်ရုံလုပ်သား ၂၀၀ ခန့်လောက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းလည်း များစွာရရှိခဲ့ပါကြောင်း၊ ယနေ့တွင်းတောင်တွင် လုပ်သား ငါးယောက်လောက် သာ လည်ပတ်နေသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အတွက် အကျိုးမည်မျှရသည်ကိုတော့ မသိရသော်လည်း ကမ္ဘာဦးရှားပါး သဘာဝအမွေအနှစ်တစ်ခုမှ မျိုးသုဉ်းပျောက်ကွယ်တော့ဖြစ်ပါကြောင်း၊ ထို့ကြောင့် စက်မှုဝန်ကြီးဌာနနှင့် ဇွန်ဆေးဝါးနှင့်စားသောက်ကုန်ထုတ်လုပ်ရေးကုမ္ပဏီလီမိတက်တို့ ချုပ်ဆိုခဲ့သော စာချုပ်ကို ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းရှိ/မရှိနှင့် ဖက်စပ်လုပ်ကိုင်ပြီးနောက် နိုင်ငံတော်မှ နှစ်အလိုက် ရရှိသော အကျိုးအမြတ်တို့ကိုသိလိုပါကြောင်း မေးမြန်းပါသည်။