(င)-တောင်ကုတ်မြို့နယ်၊ကမ်းဒေးကျေးရွာအခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)အားကျောင်းအဆင့် တိုးမြှင့်ပေးရန်နှင့်ကျောင်းဆောင်သစ်ဆောက်လုပ် ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-11-17
မေးခွန်း အကြောင်းအရာ 

daw nyi nyi may myintတောင်ကုတ်မြို့နယ်၊ ကမ်းဒေးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သည် တောင်ကုတ်-သံတွဲ ကားလမ်းမကြီးဘေးတွင် တည်ရှိပြီး တောင်ကုတ်မြို့နယ် အထက်တန်း ကျောင်းနှင့် ၁၃ မိုင်ကွာဝေးပါကြောင်း၊ ကမ်းဒေးကျေးရွာနှင့် အနီးအနား ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ကျောင်းသူကျောင်းသားများသည် ၁၃ မိုင်ကွာဝေးသော တောင်ကုတ်မြို့နယ် အထက်တန်းကျောင်းသို့ တက်ရောက်ရန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ နေရပါကြောင်း၊ ၎င်းကျောင်းကို ၁၉၆၀ ပြည့်နှစ်တွင် မူလတန်း အဖြစ် စတင်ဖွင်‌့လှစ်ခဲ့ပြီး ၁၉၈၂ ခုနှစ် ဇွန်လတွင် တွဲဖက်အခြေခံပညာ အထက်တန်း ကျောင်းအဖြစ် ဖွင့်လှစ်သင်ကြားခဲ့ပြီး ၁၉၉၁ ခုနှစ် ဇွန်လတွင် အလယ်တန်းကျောင်း၊ ၂၀၁၁ ခုနှစ် မတ်လတွင် တွဲဖက် အခြေခံပညာကျောင်းအဖြစ်သို့ လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဖြစ် အခြေခံပညာကို ဆက်လက်သင်ကြား လျက်ရှိပါကြောင်း၊ ယခုအခါ ကျောင်းသားဦးရေ တိုးပွားလာခြင်းကြောင့် အနီးအနားလမ်းတစ်လျှောက် ရွာများတွင်အခြေခံပညာ အထက်တန်း ကျောင်းမရှိ၍ အခက်အခဲဖြစ်နေကြရပါကြောင်း၊  အ.ထ.က (ခွဲ) ကမ်းဒေး အား အ.ထ.က အဆင့်ဖွင့်လှစ် တိုးမြှင့်မည်ဆိုပါက အနီးအနားပတ်ဝန်းကျင်ကျေးရွာမှ မူလတန်းနှင့်မူလတန်းလွန် ကျောင်းများမှ ကျောင်းသားကျောင်းသူအားလုံး ပညာသင်ကြားရန်၊ သွားရေးလာရေး အဆင်ပြေပြီး  စိတ်အေးလက်အေး ပညာသင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊

ပင်မကျောင်းဆောင်ကြီးသည် မူလတန်းကျောင်းစတင်ဖွင့်လှစ်သည်နှစ်မှ ယနေ့အထိ ကျောင်းဆောင်၏ သက်တမ်းမှာ ၅၇ နှစ်ရှိပြီး ကျောင်းဆောင်မှာ အိုမင်းရင့်ရော်နေပြီး အန္တရာယ်ရှိနေသဖြင့် ကျောင်းအုပ်ကြီးနှင့် ရွာသူရွာသားများမှာ သက်ဆိုင်ရာဌာနများသို့ အကြိမ်ကြိမ်တင်ပြ တောင်းဆို ခဲ့ကြသော်လည်း ကျောင်းဆောင်ရရှိခဲ့ခြင်းမရှိပါကြောင်း၊ ကျောင်းဆောင်ကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့်တိုးချဲ့သော်လည်း စာသင်ခန်းအင်္ဂါရပ်နှင့် လုံးဝကိုက်ညီမှုမရှိသည့်အတွက် ကျောင်းဆောင် သစ် ကိုတင်ပြရခြင်းဖြစ်ပါကြောင်း၊  ယခုအခါ ပင်မကျောင်းဆောင်၏ အပေါ်ထပ်သည် အင်မတန်အန္တရာယ်ရှိနေပါကြောင်း၊ မိုးရာသီတွင် မိုးရွာတိုင်း မိုးပက်သည့်အတွက် ကျောင်းသားများ စာသင်ကြားရသည့် နေရာမှာ အခက်အခဲ ဖြစ်နေပါကြောင်း၊ ကျောင်းအသစ် ဆောက်လုပ်ရန် မြေနေရာလည်း အဆင်သင့်ရှိပါကြောင်း၊  ထို့အပြင် ကျောင်းအဆင့် တိုးမြှင့်ပေးရန်မှာလည်း အမှန်တကယ်လိုအပ်နေသည့်အတွက်ကြောင်‌့ တောင်ကုတ်မြို့နယ်၊ ကမ်းဒေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား ကျောင်းအဆင်‌့ တိုးမြှင့်ပေးရန်နှင့် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။