(ခ)-ခရိုင်သို့မဟုတ်မြို့နယ်နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဖွင့်လှစ်ပေး ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မက်မန်းခရိုင်၊ မက်မန်းမြို့နယ် သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ၃၀-၇-၂၀၀၂ ရက်စွဲပါစာအမှတ်၊ ၁၀၀/၃-၂၇-ဦးတည် ကြော်ငြာစာအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်မှ ကျေးရွာ အုပ်စု ၁၇ အုပ်စု၊ ကျေးရွာပေါင်း ၉၂ ရွာကို ထုတ်နုတ်ပြီး မက်မန်းဒေသမှ ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကျေးရွာပေါင်း ၉၇ ရွာကို ပေါင်းစည်းပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်တွင် ပါဝင်သည့် မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၀၃ ခုနှစ်တွင် မက်မန်း ခရိုင်ကို မက်မန်းမြို့နယ်၊ ပန်ဆမ်းမြို့နယ်၊ နားဖန်မြို့နယ်နှင့် မန်ကံမြို့နယ်ခွဲတို့ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ပါကြောင်း၊
မက်မန်းခရိုင်ကို ခရိုင်အဆင့် ဌာနဆိုင်ရာ ငါးခု၊ မက်မန်းမြို့နယ်အနေဖြင့် ဌာနဆိုင်ရာ ၁၈ ခုတို့နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်စေရေး အတွက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်သည့်အခါ နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖွင့်လှစ်ထားခြင်း မရှိသည့်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အထက်ဌာနကို တင်ပြထားခြင်း၊ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းများ လျာထားတင်ပြထားခြင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရာထားခြင်း ဌာနနှင့်လုပ်ငန်း တာဝန်ခံဦးစီးအရာရှိ မရှိသည့်အတွက် အစစအရာရာအခက်အခဲ ဖြစ်ပေါ်နေပါကြောင်း၊
ဌာနဆိုင်ရာဖွင့်ပြီး ဝန်ထမ်းမရှိသည့် ဌာနမှ လ.ဝ.က တစ်ခုသာရှိပါကြောင်း၊ မြို့နယ်အဆင့်တွင် ဌာန ဆိုင်ရာ ၁၈ ခုဖွင့်လှစ်ပြီးစီးပြီးဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာတွင်အနည်းဆုံး တစ်ယောက်အထိ ဖွင့်လှစ်ထားသည့်ဌာနများ ရှိပါကြောင်း၊ ၎င်းဌာနများတွင် တစ်ချို့မှ တွဲဖက်များဖြစ်ပါကြောင်း၊ အနီးဆုံးဆိုပါက မိုင်းပျဉ်းမြို့ဖြစ်ပြီး ၇၃ မိုင်ဝေးပါကြောင်း၊ လမ်းပန်းဆက်သွယ်မှု ခက်ခဲသည့်အတွက် တွဲဖက်ထားသော်လည်း ၎င်းတွဲဖက်ထားသည့် ဦးစီးအရာရှိများသည် မက်မန်းမြို့နယ်တွင် လာရောက် တွဲဖက်တာဝန်ထမ်းဆောင်ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအခါ မက်မန်းမြို့နယ်သည် ခရိုင်အဆင့်မြို့တစ်မြို့ဖြစ်လာသည်နှင့်အညီ လူမှုရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍစသည်ဖြင့် အဘက်ဘက်မှ အခြားမြို့နယ်များနည်းတူ ဟန်ချက်ညီညီ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ရန်အတွက် ဌာနအလိုက်လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည် အဓိကအချက်ဖြစ်ပါကြောင်း၊ ခရိုင် သို့မဟုတ် မြို့နယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိသည်မှာ မည်သည့်တွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။