(င)-လေရှီးမြို့နယ်နှင့် လဟယ် မြို့နယ်ချင်းဆက် လမ်းကို စီမံကိန်းဖြင့်ဖောက်လုပ်ပေးရန်အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လမ်းပန်းဆက်သွယ်ရေးကို တင်ပြရမည်ဆိုလျှင် ကောင်းသည့်နေရာ ထုတ်ပြရန် မရှိသလောက် ဖြစ်နေပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေသည့် လမ်းများကလည်း ဘတ်ဂျက်နှစ်အလိုက်သာ ခွင့်ပြုငွေပေးနေသည့်အတွက် ချက်ချင်းလုပ်ငန်းနှင့် ပြင်ထိန်းရေးလုပ်ငန်းများအတွက် ခွင့်ပြုငွေချထား ပေးခြင်းများမရှိဘဲ ကျောက်များဆက်ခင်းသည့်အခါ ကောင်းမွန်သည့် လမ်းမဖြစ်လာနိုင်ပါကြောင်း၊ မိမိတို့ဒေသသည် မိုးများသည့် ဒေသဖြစ်သည့်အတွက် မြေသားလမ်းများဆိုလျှင် ပျက်စီးမှုများပါကြောင်း၊ ဘတ်ဂျက်နှစ်တစ်ခုတည်း လမ်းကောင်းဖြစ်မလာနိုင်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းကာလ သတ်မှတ်ပြီး ခွင့်ပြုရန်ပုံငွေပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ယခု လေရှီးမြို့နယ်နှင့် လဟယ် မြို့နယ်ကြား ဆက်သွယ်သောလမ်း မရှိသည့်အတွက် လေရှီးကနေပြီး လဟယ်ကိုသွားသည့်အခါတွင် လည်းကောင်း၊ လဟယ်ကနေပြီးှ လေရှီးကိုသွားသည့်အခါတွင်လည်းကောင်း ဟုမ္မလင်းမြို့နယ်နှင့် ခန္နီးမြို့နယ်ကို အဆင့်ဆင့်ဖြတ်ကျော်ပြီး ရေတတန်၊ ကုန်းတတန်သွားလာနေရသည့် အတွက်ကြောင့် နီးလျက်နှင့်ဝေးနေပါကြောင်း၊ တစ်ခါတလေ မိုးတွင်းကာလတွင် လေရှီး-လဟယ်-နန်းယွန်း သုံးမြို့နယ် အရေးကြီးကိစ္စ အစည်းအဝေးခေါ်လျှင် မန္တလေးမြို့တွင်ချိန်းပြီး ပြုလုပ်လျှက်ရှိပါကြောင်း၊ မိမိတို့ ရုံးစိုက်ရာဒေသဖြစ်သည့် လဟယ်မြို့ကိုသွားသည့် ခရီးသည် မန္တလေးကိုသွားခြင်းထက် ပိုပြီးနီးသကဲ့သို့ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် မလိုအပ်ဘဲ ခရီးစရိတ်များ ပိုမိုကုန်ကျခြင်း၊ သွားလာသည့် ခရီးစဉ်ပိုမိုကြန့်ကြာခြင်း၊ အစိုးရ၏အုပ်ချုပ်ရေး ယန္တရား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် ခက်ခဲခြင်းနှင့် မြို့နယ်နှစ်ခုကြားမှာရှိသည့် ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးရေးအတွက်ပါ အဟန့်အတားဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းကြောင်းကို ဖောက်လုပ်ပေးမည်ဆိုပါက လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်နှစ်ခုကြား ဆက်သွယ်ရေးကောင်းရန် တစ်ခုတည်းသာမဟုတ်ဘဲ လမ်းကြောင်းပေါ်တွင်ရှိသည့် ကျေးရွာပေါင်း ၂၀ ခန့်ကို အကျိုးပြုမည် ဖြစ်သည့်အတွက် ကျေးရွာပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးမှုအတွက်ပါများစွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လေရှီး-ထန်ပါခွေ-လဟယ် ဆက်သွယ်သည့် လမ်းကြောင်းကို အချိန် ကာလတစ်ခု သတ်မှတ်ပြီး စီမံကိန်းဝင်လမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။