(က)-မောက်မယ်မြို့နယ်၊ ပန်းတန်ကျေးရွာအုပ်စု သောက်သုံးရေ အထောက်အကူပြုနောင်ခိုက်လျှို ပိတ်တမံကြီးနုန်းဆယ်ယူခြင်းနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးမည့် အစီအစဉ်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
သောက်သုံးရေရှားပါးခက်ခဲသည့် ပအို့ဝ်ဒေသအတွက် မောက်မယ်မြို့နယ်၊ ပန်းတန်ကျေးရွာအုပ်စုတွင် နောင်ခိုက်လျှိုပိတ်တမံကြီး ဆောင်ရွက်ပေးပါရန် တင်ပြတောင်းဆိုခဲ့ရာ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေချမှတ် ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ မူလကရေထွက်နှင့် တောင်ကျရေ ပေါင်းစပ်ထားသဖြင့် နုန်းအနည်များ ကျရောက်မှုများက ကောလုနည်းနည်း အနေအထား ရှိခဲ့ပါကြောင်း၊ ယခုလက်ရှိတွင် တောင်ကျရေများကို ရေလွှဲမြောင်းဖြင့် တားဆီးကာရံပြီး လျှိုပိတ်တမံဖြင့် ရေလှောင် ထားပါကြောင်း၊ မူလတည်ဆောက်ရေးဆောင်ရွက်စဉ်က နွံတောများ၊ အမှိုက်တောများနှင့် နုန်းမြေများ ကုန်စင်အောင်မဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ရေပြည့်ချိန်တွင် မြက်တောများထူထပ်စွာ ပေါက်ရောက်ပြီး ကန်ရေမှာအနံ့အသက် မကင်းသော အနေအထားရှိပါသော်လည်း ပအို့ဝ်ဒေသမှ ရွာသုံးရွာက ထိုလျှိုပိတ်ရေကိုသာ အဓိကသုံးစွဲ နေကြရပါကြောင်း၊ ယခုနှစ်နွေရာသီတွင် ကန်ရေခန်းခြောက်မှု ဆိုးရွား စွာဖြစ်ပေါ်လာသဖြင့် ရေပေးဝေနိုင်ခြင်းအနေအထားမရှိခဲ့ပါကြောင်း၊ ရေခန်းခြောက်ခြင်းနှင့်အတူ ကန်အတွင်းရှိ နုန်းများ၊ နွံတောများဆယ်ယူလိုကြောင်း ဒေသခံများက တင်ပြကြပါကြောင်း၊ ကန်အတွင်း နုန်းဆယ်ထုတ်ခြင်းဖြင့် ကန်ရေပိုမိုသန့်ရှင်း ကြည်လင်လာစေပြီး ရေသိုလှောင်မှုပမာဏလည်း ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ယခုဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် နောင်ခိုက် လျှိုပိတ်တမံရေလွှဲမြောင်း ကျောက်စီနံရံ ထိန်းဆောင်ရွက်ခြင်းနှင့်အတူ နုန်းဆယ်ခြင်းလုပ်ငန်းများ ပူးတွဲဆောင်ရွက် ခွင့်ပြုပါရန် တင်ပြအပ်ပါကြောင်း၊ မောက်မယ်မြို့နယ်၊ ပန်းတန်ကျေးရွာအုပ်စု သောက်သုံးရေ အထောက်အကူပြု နောင်ခိုက်လျှိုပိတ်တမံကြီး နုန်းဆယ်ယူခြင်းနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ် များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။