(ခ)-စိုက်ပျိုးရေး ကဏ္ဍ၌ နည်းပညာများ တိုးတက် လာစေရန်၊ ဒေသခံပြည်သူများ လက်တွေ့လုပ်ကိုင် လာနိုင်စေရန်အတွက် Farmer’s Field School Programme များဖြင့် အထူးစီမံချက်ချမှတ် ဆောင် ရွက်ပေးရန် သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2017-11-22
မေးခွန်း အကြောင်းအရာ 

u that naungတောင်တန်းဒေသတွင်နေထိုင်ကြသော မိဘပြည်သူများ၏ အဓိက အသက်မွေးဝမ်းကျောင်းသည် စိုက်ပျိုးရေး ဖြစ်ပြီး မိရိုးဖလာရွှေ့ပြောင်းတောင်ယာစနစ်ကိုသာ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက် လာကြသည့်အတွက် လှေကားထစ်စိုက်ပျိုးခြင်းနှင့် အခြားသီးနှံစိုက်ပျိုးခြင်းများကို လုပ်ကိုင်စားသောက်ရန်သည် အတွေ့အကြုံနှင့် အခြေခံနည်းပညာပိုင်း၌ များစွာနောက်ကျလျက် ရှိသည့်အပြင် ပြောင်းလဲလာသည့်  ရာသီဥတုနှင့် များပြားလာသည့်ပိုးမွှားများကြောင့် ဒေသ အတွင်း ဝမ်းစားဖူလုံမှုသည်လည်း နှစ်စဉ်လျော့နည်းလာပြီး နှစ်တိုင်းအစာငတ်မွတ်ခြင်းကို ကြုံနေရပြီ ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် လှေကားထစ် လယ်ယာအနည်းငယ် ဖော်ထုတ်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်ဖြန့်ဝေပေးခြင်းများရှိသော်လည်း အနီးကပ်လက်တွေ့ကျကျ နည်းပညာ ပံ့ပိုးပေးခြင်း မရှိခြင်းကြောင့် အောင်မြင်မှုမရှိသည်များကို လေ့လာတွေ့ရှိရပါကြောင်း၊

 အစိုးရ၏ စိုက်ပျိုးရေးမူဝါဒနှင့်အညီ ဒေသတွင်းဝမ်းစာဖူလုံလာနိုင်ရန်အတွက် စိုက်ပျိုးရေး ကဏ္ဍ တိုးတက်မြင့်မားလာစေရန်၊ သစ်တောပြုန်းတီးမှုလျော့နည်းလာစေရန် တောင်သူ ဗဟိုပြု အစီ အစဉ်များကို ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တစ်နည်းအားဖြင့် အစုအဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်အဖြေရှာနိုင်မည်‌့ တောင်သူဗဟိုပြုအစီအစဉ်များဖြစ်ရန် များစွာအရေးကြီးလှပါ ကြောင်း၊ FSF ဟုခေါ်သည့် တောင်သူဆင့်ပွားသင်တန်း သို့မဟုတ် တောင်သူလယ်ကွင်း သင်တန်းကဲ့သို့ အစီအစဉ်မျိုးကို မိမိတို့ ဒေသတွင် အထူးစီမံချက်တစ်ခုအနေဖြင့် ဆောင်ရွက် နိုင်ပါက အထိရောက်ဆုံးဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆမိပါကြောင်း၊ FSF အစီအစဉ်များသည် စိတ်ပါဝင်စားသည့် တောင်သူ့အစုအဖွဲ့နှင့် သင်ကြားပို့ချသူတို့သည် အပတ်စဉ် သို့မဟုတ် လစဉ်အတူတကွ စိုက်ကွင်းများတွင် လုပ်ရင်း၊ ကိုင်ရင်း၊ သင်ကြားရင်း၊ အသိပညာဖလှယ်ရင်း အဖြေရှာကြပြီးတော့ စိုက်ပျိုးရေး ကဏ္ဍကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင် ကြရခြင်းဖြစ်သည့်အတွက် FSF နည်းကို အသုံးပြုခြင်းဖြင့် စားနပ်ရိက္ခာဖူလုံလာခြင်း၊ တောင်သူများအခြေခံစိုက်ပျိုးရေးနည်းပညာ တိုးပွားလာခြင်း၊ သစ်တောပြုန်းတီးမှုလျော့နည်းလာ ခြင်း၊ သီးနှံထွက်နှုန်းတိုးလာခြင်း၊ မြေဆီ ထိန်းသိမ်းတတ်လာစေ ခြင်း၊ သဘာဝ မြေသြဇာ ပြုလုပ်ခြင်းနှင့် အသုံးပြုခြင်း ပိုမိုအားကောင်း လာ ခြင်း၊ အစုအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သည့် စွမ်းရည်တိုးတက်လာခြင်း၊ မိမိကိုယ်ကိုယ် မိမိ ယုံကြည်မှု အားကိုးမှုတိုးလာခြင်းနှင့် ဘိန်း စိုက်ပျိုးမှုတွင်လည်း လျော့ကျလာစေခြင်း စသည့် အောင်မြင်တိုးတက်သော အတွေ့အကြုံ တွေကို ရရှိကြောင်းကို လေ့လာသိရှိရပါကြောင်း၊

ထို့ကြောင့် လှေကားထစ်လယ်ယာစိုက်ပျိုးခြင်းနှင့် ကုန်းနိမ့် လယ်ယာစိုက်ပျိုးခြင်းတို့တွင် ဒေသခံ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ၌ နည်းပညာတိုးတက်လာ စေရန်၊ လက်တွေ့လုပ်ကိုင် လာနိုင်စေရန်အတွက် Farmer’s Field School Programme အဖြစ် အထူးစီမံ ချက် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည်‌့ နှစ်တွင်‌ စတင်ဆောင်ရွက်ပေးနိုင်ပါမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည့်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။