(ဂ)-သာစည်မြို့နယ်အတွင်းရှိသက်သော့ဆည်ရေ ဝင်မြောင်းအား ပြန်လည်တူးဖော်ပေးရန်နှင့် တမံ (၁)နှင့်(၂) ကို ဆက်သွယ်သောမြောင်းအား ပြန် လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ သက်သော့ဆည်သည် သာစည်မြို့၏တောင်ဘက်တွင် တည်ဆောက်ထားခြင်းကြောင့် ရေဝင်အားကောင်းပြီး ရေထိန်းနိုင်မည် ဆိုပါက ပတ်ဝန်းကျင်ရှိ လယ်ယာမြေများကို ရေပေးဝေနိုင်မည် ဖြစ်ပါကြောင်း၊ သာစည်မြို့နယ်အတွင်းရှိ လယ်ယာမြေဧက ၁၅၅၉ ဧကနှင့် ပျော်ဘွယ် မြို့နယ်အတွင်းရှိ လယ်ယာမြေ ၃၂၃ ဧကတို့ကို အကျိုးပြုထားခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ရေလှောင်တမံကို တည်ဆောက်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည့်အတွက် ရေဝင်မြောင်းတမံ (၁) နှင့် (၂) ကို ဆက်သွယ်ထားသော မြောင်းတို့မှာ တိမ်ကောလာပါကြောင်း၊ သာစည်မြို့နယ်အတွင်းရှိ ညောင်ရမ်း-မင်းလှကန်၊ စမုံ-သက်သော့ဆည်တို့သည် ဒေသအတွင်းရှိ လယ်ယာမြေများကို အကျိုးဖြစ်ထွန်းနိုင်သော ဆည်ကန်များဖြစ်ပါကြောင်း၊ တောင်သူများ၏ ကိုယ်ကျိုးစီးပွားကို အထောက်အကူပြုပါကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသတွင်ရှိသည့်အတွက် တောင်သူများသည် ဆည်/ကန်များကိုသာ အားထားရသောကြောင့် ဆည်/ကန်များ တည်ဆောက်ပြုပြင်ပြီး ရေဝေပေးနိုင်မှသာ စိုက်ပျိုးရေးအတွက် အောင်မြင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သာစည်မြို့နယ်အတွင်းရှိ သက်သော့ဆည်ရေလှောင်တမံ၏ ရေဝင်မြောင်းတမံ (၁) နှင့် (၂) ကို ဆက်သွယ်ထားသော မြောင်းအားပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။