(ဃ)-သနပ်ပင်မြို့နယ်တွင်တိမ်ကောလျက်ရှိသော ကမ်းပြို၊ နတ်ရေကန်၊ ကလိုင်၊ ကသဲကုန်း၊ ဝဲပြန်၊ ထောင်မင်း၊ မင်းရွာ၊ ကုက္ကိုတန်း၊ သနတ္တန်း၊ ကျူ ချောင်း၊ဘော်ဘီ၊ဝင်းဂဒက်နှင့်တမာတကွန်းချောင်း များအား ပြန်လည် တူးဖော်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-11-22
မေးခွန်း အကြောင်းအရာ 

u myint uသနပ်ပင်မြို့နယ်သည် စစ်တောင်းမြစ်နှင့်မုတ္တမကွေ့ အနီးတွင်တည်ရှိပြီး ချောင်း၊ မြောင်းများ အလွန်ပေါများ၍ မိုးတွင်းအခါမ ရေကြီးရေလျှံခြင်း၊ နွေအခါတွင် သောက်သုံးရေရှားပါးခြင်း၊ မြစ်ကမ်းပါးပြိုခြင်း၊ ပင်လယ်ဆားငန်ရေဝင်ရောက်ခြင်း စသည့်ဘေးဒုက္ခများ မကြာခဏ ကြုံရတတ်ပါကြောင်း၊ ယခင်အစိုးရလက်ထက်ကစပြီး ပဲခူး၊ စစ်တောင်းတူးမြောင်း အပါအဝင် ချောင်း၊ မြောင်းများစွာကို ပြန်လည်ပြုပြင်ပေးခဲ့သဖြင့် ယခုမိုးတွင်းအခါ ရေကြီးနစ်မြုပ်မှုများ လျော့နည်း သက်သာခဲ့ပြီး မိုးစပါးများလည်း ပိုမိုစိုက်ပျိုးလာနိုင်ပါကြောင်း၊ အထူးသဖြင့် နွေစပါးစိုက်ပျိုးမှု ပိုမိုဖြစ်ထွန်း အောင်မြင်လာပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း၊ ပဲခူးခရိုင် သနပ်ပင်မြို့နယ်တွင် နွေစပါးစိုက်ပျိုး အအောင်မြင်ဆုံး မြို့နယ်ဖြစ်ပါကြောင်း၊ ဧကအားဖြင့် လေးသောင်းခန့်အထိ စိုက်ပျိုး လာနိုင်ပြီ အခုတူးဖော်ရန်လိုအပ်နေသေးသည့် ချောင်း၊ မြောင်းများကို ပြုပြင်တူးဖော်ပေးခြင်းအားဖြင်‌့ မိုးတွင်းရေကြီးရေလျှံမှု ပိုမိုလျော့နည်းလာမည် ဖြစ်သကဲ့သို့ မိုးစပါးများလည်း ပိုမိုစိုက်ပျိုး ဖြစ်ထွန်းလာ မည် ဖြစ်ပါကြောင်း၊ ရေပေးမြောင်းများမှတစ်ဆင့် စိုက်ပျိုးရေများလည်း ပိုမိုရရှိလာမည် ဖြစ်သည့် အတွက် နွေစပါးများလည်း ပိုမိုတိုးချဲ့စိုက်ပျိုး အောင်မြင်လာမည် ဖြစ်သည့်အပြင် ချောင်း၊ မြောင်းများ တူးဖော်ရာ ချောင်းအဖြစ်အပြင် လမ်းအဖြစ်ပါ တူးဖော်နိုင်ပါက အကျိုးနှစ်တန်ရှိမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး၊ ကုန်ထုတ်ဆက်သွယ်ရေးတို့ပါ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ သိုဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင် တိမ်ကောလျက်ရှိသော ကမ်းပြို၊ နတ်ရေကန်၊ ကလိုင်၊ ကသဲကုန်း၊ ဝဲပြန်၊ ထောင်မင်း၊ မင်းရွာ၊ ကုက္ကိုတန်း၊ သနတ္တန်း၊ ကျူချောင်း၊ ဘော်ဘီရိုး၊ ဝင်းကဒတ်ရိုးနှင့် တမာတကွန်းချောင်းများအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။