(င)-တည်ဆောက်ပြီးနှစ်အနည်းငယ်အတွင်းပျက် စီးသွားသောဆည်မြောင်း၊ တာတမံများ အရေး ယူမှုများ ပြုလုပ်ပြီး ပျက်စီးမှုကြောင့် တောင်သူ လယ်သမားများ၏ နစ်နာမှုကို မည်ကဲ့သို့ဖြေရှင်း ပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-11-22
မေးခွန်း အကြောင်းအရာ 

daw mar mar khineသထုံမြို့နယ်နှင့် ပေါင်မြို့နယ်ရှိ လယ်ဧရိယာ ၂၂၀၀၀ ဧကကို ရေကြီးနစ်မြုပ်မှု နှင့် ပင်လယ်ရေငန်ဝင်ရောက်မှု ကာကွယ်ရန်အတွက် ကျုံထော်ရေထိန်းတံခါးကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၂၀၀၄ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊  ကုန်ကျစရိတ်ငွေကျပ်သန်း ပေါင်း ၆၉၉.၀၁၇ ဖြစ်ပြီး ပင်လယ်နှင့် တစ်မိုင်နှစ်ဖာလုံသာ ကွာဝေးသည်ဟု သိရပါကြောင်း၊ ၎င်း ရေထိန်းတံခါးသည် တည်ဆောက်ပြီး လေးနှစ်ကျော်ကြာ ၂၀၀၉ ခုနှစ် မေလတွင် ပြိုကျခဲ့ပါကြောင်း၊ ပေါင်မြို့နယ်၊ လှကျေးရွာ ပင်လယ်ရေတားတမံစီမံကိန်းကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ပြီး မတ်လတွင် ပြီးစီးခဲ့ပါကြောင်း၊ မြေသားပေါင် ၁၂၀၀ ပေခန့် တည်ဆောက်ပြီး မြေကျစ်လစ် သိပ်သည်းမှုမရှိသည့် အခြေအနေတွင် ပင်လယ်ဘက်ခြမ်း ၅၀ ပေလျှင် တစ်ကန့်နှင့် မြေသားပေါ်မှာ ၆၉ ကျောက်ကို ဘိလပ်မြေနှင့်စီသည်ဟုသိရပါကြောင်း၊ ဒေသခံများက ၎င်းစနစ်နှင့် ၎င်းနေရာသည် အဆင်မပြေနိုင်သည့်အတွက်  ဝါဆို၊ ဝါခေါင်လောက် တွင် ပြိုလိမ့်မည်ဟု ခန့်မှန်းထားသော်လည်း မိုလာမုန်တိုင်းမလာခင်က တမံတွင် အကွက်၊ အပေါက်များဖြစ်ပေါ်နေပြီး နယုန်လတွင် ပြိုကျခဲ့ပါကြောင်း၊  တာတမံရှေ့ ကမ်းခြေထိန်းရန်အတွက် လမုပင် နှစ်ဧက စိုက်ပျိုးရန်အစီအစဉ်ရှိခဲ့ သော်လည်း ယနေ့အထိ တစ်ပင်မှ စိုက်ပျိုးထားခြင်းမရှိသည်ကို တွေ့ရပါကြောင်း၊ ၎င်းစီမံကိန်းအတွက် ငွေကျပ်သိန်းပေါင်း ၄၅၆၀ သဲထဲရေသွန် ဖြစ်ခဲ့ရပါကြောင်း၊ လယ်ဧက ၃၃၀၀၀ ကို နွေစပါးသီးထပ်စိုက်ပျိုးရန်အတွက် သထုံ ဒုံသမိမြစ်ရေတင်စီမံကိန်းတွင်လည်း ရေပေးရမည့် မြေများနှင့် ရေအရင်းအမြစ် ရှိသည့်နေရာ Level ကွာခြင်း၊ ရေပေးရမည့်စီမံချက်များတွင် ပါဝင်သည့်လယ်များသည် နွေစပါးစိုက်လို့မရသည့် စပါးစိုက်သည့်လယ်များဖြစ်နေခြင်း၊ မြစ်ရေတင်ရန်အတွက် လျှပ်စစ် 20 MBA လိုသည့်အတွက် နိုင်ငံခြားငွေများထပ်လိုသည့်အတွက် ဆက်လက်အကောင်အထည်မဖော်နိုင်တော့သည့်အတွက် ၂၀၀၅ ခုနှစ်မှာစပြီး ၂၀၁၀ ခုနှစ်တွင် ရပ်နားလိုက်ရပါကြောင်း၊ သို့သော် နိုင်ငံံ့ဘဏ္ဍာငွေက ၁၀၅၇.၅၉ သန်း ဆုံးရှုံးခဲ့ရပြီးစီမံကိန်းအတွက် မိမိတို့မြို့မှ လယ်ယာမြေတချို့ စီမံကိန်းနှင့်မလွတ်သည့်အတွက် သိမ်းဆည်းခံခဲ့ရခြင်းများသည် တွေ့ကြုံခဲ့ရပါကြောင်း၊ ဆည်မြောင်းစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သည့် နေရာများ သတ်မှတ်သည့်စံချိန်စံညွှန်းများ ပြည့်မီအောင်ဆောင်ရွက်နိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနလက်အောက်ရှိ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ဒီဇိုင်းပုံစံပြု တွက်ချက်သည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် ဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးပါကြောင်း၊ မြေသားနှင့် ကွန်ကရစ်အရည်အသွေး ထိန်းချုပ်မှု စစ်ဆေးရေး အဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီအောင် ကြပ်မတ်သည်ဟု လေ့လာသိရှိရ ပါကြောင်း၊ ထို့ကြောင့် တည်ဆောက်ပြီးနှစ်အနည်းငယ်အတွင်း ပျက်စီးသွားသော ဆည်မြောင်း၊ တာတမံများနှင့်ပတ်သက်၍ မည်ကဲ့သို့အရေးယူမှုများပြုလုပ်ပြီး ပျက်စီးမှုကြောင့် စိုက်ပျိုး၍မရဖြစ် ခဲ့ရသော လယ်ယာမြေများနှင့် ပတ်သက်၍တောင်သူလယ်သမားများ၏နစ်နာမှုကို မည်ကဲ့သို့ဖြေရှင်း ပေးမည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။