(ဃ)-ကျောက်ကြီးမြို့၊ပဲခူးရပ်အခြေခံပညာအထက် တန်းကျောင်း(ခွဲ)၊ဘုရင့်နောင်တစ်ထပ်ကျောင်းအား ဖျက်သိမ်းခွင့်ပြုပြီး ၂၀၁၇-၂၀၁၈ပညာသင်နှစ်တွင် ပေ(၃၀x၉၀)နှစ်ထပ်ကျောင်းဆောင်ဆောက်လုပ်ပေး ရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-05-19

မေးခွန်း အကြောင်းအရာ 

u myint ngweကျောက်ကြီးမြို့၊ ပဲခူးရပ် အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၊ ဘုရင့်နောင်တစ်ထပ်ကျောင်းဆောင်အား ဖျက်သိမ်းခွင့်ပြုပြီး ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ပေ(၃၀ x ၉၀) နှစ်ထပ်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်နိုင်ရန် နိုင်ငံတော်မှ ရန်ပုံငွေခွဲဝေချမှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းဖြစ်ပါကြောင်း။ ပဲခူးရပ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သည် မြို့တွင်းရှိ အစဦးဆုံးတည် ဆောက်ခဲ့သောကျောင်းဖြစ်ပြီး ၁၉၂၀ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်း ကျောင်း၊ အထက်တန်းကျောင်းများအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် အဆင့်မြှင့်တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ပါကြောင်း။ သို့သော်လည်း ၁၉၆၇ ခုနှစ်တွင် ကျောင်းသားအင်အားတိုးပွားလာခြင်း၊ မြို့ထဲ၌ တည်ရှိပြီး ကျောင်းမြေ နေရာမလုံလောက်ခြင်းတို့ကြောင့် မြို့၏အရှေ့ဘက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျောက်ကြီး)သို့ ပြောင်းရွှေ့ပညာသင်ကြားစေခဲ့ပါကြောင်း။ မူလ အ.ထ.က(ပဲခူးရပ်) အား အခြေခံပညာမူလတန်းကျောင်းအဖြစ် ထားရှိခဲ့ပြီး ထိုမှတစ်ဆင့် ၁၉၆၇ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ အ.မ.က၊ ၁၉၈၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အ.မ.က(မူလွန်)၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အ.လ.က(ခွဲ)နှင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အ.လ.က အဖြစ် တစ်ဆင့်တိုးမြှင့်ခြင်းခံခဲ့ရပါကြောင်း။ ၂၀၁၅ စာသင်နှစ် အစမှစ၍ ယခုအချိန်အထိ အ.ထ.က(ခွဲ)အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ပြီလည်း ဖြစ်ပါကြောင်း။

ကျောက်ကြီးမြို့ပေါ်ရှိ ပဲခူးရပ် အ.ထ.က(ခွဲ)ကျောင်းသည် အကျယ်အဝန်း ဧရိယာအားဖြင့် ဝ.၆၁၂ ဧကသာ ရှိပြီး ကျဉ်းမြောင်းပါကြောင်း။ ထိုဧရိယာအတွင်း၌ ပေ(၁၄၀ x ၃၀) တစ်ထပ်ကျောင်းဆောင် ကျန်စစ်သား အဆောင်၊ ပေ (၆၀ x ၃၀) နှစ်ထပ်ကျောင်းဆောင် အနော်ရထာဆောင်၊ ပေ(၈၀x၂၄) တစ်ထပ်ဆောင် ဘုရင့်နောင်ဆောင်တို့ ပါဝင်ပါကြောင်း။ သို့သော် ဘုရင့်နောင်တစ်ထပ်ကျောင်းဆောင်အား ၁၉၆၀ ခုနှစ် မှစတင်၍ တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပါကြောင်း။ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းစသဖြင့် သစ်သားများလည်း ဆွေးမြေ့နေပြီ ဖြစ်ပါကြောင်း။ ယခုအခါ ကျောင်းသားအင်အားသည် ၆၀၀ နီးပါးဖြစ်လာပြီ ဖြစ်သောကြောင့် စာသင်ခန်းလည်းလိုအပ်လာပါကြောင်း။ ထို့အပြင် အထက်တန်းအင်္ဂါရပ်နှင့်ညီစေရန် သိပ္ပံခန်း၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်းနှင့် ဆရာဆရာမနားနေခန်းများလည်း လိုအပ်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ကျောက်ကြီးမြို့၊ ပဲခူးရပ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဘုရင့်နောင်တစ်ထပ် ကျောင်းဆောင်အား ဖျက်သိမ်းခွင့်ပြုပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပေ(၃၀x၉၀) နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နိုင်ရန် နိုင်ငံတော် မှ ရန်ပုံငွေချပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။