(င)-မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်မူလွန်ကျောင်းများ၊ အ.လ.က(ခွဲ)များ၊ အ.ထ.က(ခွဲ)များ၌ကျာင်းဆရာ၊ ဆရာမ ဝန်ထမ်းများ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ အလုံအလောက်ခန့်ထားပေးရန် စီစဉ်ထားခြင်းရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-05-19

မေးခွန်း အကြောင်းအရာ

u min theinမကြာမီဖွင့်လှစ်တော့မည့် အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း များနှင့် အထူးသဖြင့် မူ (ခွဲ) ကျောင်း၊ မူလွန်ကျောင်း၊ လခွဲကျောင်း၊ အထက်တန်း ကျောင်းခွဲများတွင် လိုအပ်နေသည့် ဆရာ/မများနှင့် ကျောင်းသား အချိုးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းတာရမည်ဆိုပါက ယေဘုယျ ဆန်လွန်းသည့် ကိန်းဂဏန်းကိုသာ ရမည်ဖြစ်ပါကြောင်း၊ မြို့ကြီးပြကြီးက ကျောင်းများ တွင် ဆရာနှင့်တန်းခွဲ၊ ကျောင်းသားအချိုး မျှတနေသော်လည်း ကျေးလက်တောရွာများတွင် ကျောင်းသားများပြီး တန်းခွဲဆရာ/မ မညီမမျှ ဖြစ်နေ ပါကြောင်း၊ ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေး သည့်တိုင် ဆရာ/မများမှာ ပြည့်စုံခြင်း မရှိသည့်အတွက် ပေးကားပေး၏ မရ၊ ကျွေးကားကျွေး၏မဝ ဆိုတာမျိုးဖြစ်နေပါကြောင်း၊ ယခုလို ဆရာ/မလိုအပ်ချက် ပြဿနာကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ပြဿနာများသည် လုပ်အားပေး ဆရာ/မပြဿနာ၊ ကျောင်းဆရာ မလုံလောက်မှုကြောင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ရသည့်ဘွဲ့ရ အလုပ်လက်မဲ့များနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသား/သူများကို တစ်နေ့နေ့တွင် အစိုးရခန့်ဆရာ/မများ ဖြစ်လာလိမ့်မည်ဆိုသည့် မျှော်လင့်ချက်ရောင်ခြည်များ ရှိနေပါကြောင်း၊ ဆရာလိုအပ်ချက်များ များပြားလာရာမှ လုပ်အားပေး ဆရာ/မ ပြဿနာများ ပေါ်ပေါက်လာရခြင်းသည် ပြီးခဲ့သည့် စာသင်နှစ်က ဆရာလိုအပ်ချက် ပြဿနာကို နေ့စားလပေး ဆရာခန့်ထားခြင်း၊ ကန်ထရိုက်ဆရာ ဟုခေါ်သည့် ပညာရေးသမိုင်းတွင် မည်သည့်အချိန်အခါမှ မကြားဖူးခဲ့သည့် ဆရာ/မပုံစံများနှင့် ခန့်ထားခြင်းမျိုးများ ဖြေရှင်းခဲ့ရပါကြောင်း၊ နေ့စားလပေးဆရာ/မ ခန့်ထားရေးတွင်လည်း ဆရာ/မ လိုအပ်ချက်များကြောင့် နှစ်ပေါင်းများစွာ လုပ်အားပေးခဲ့ရသည့် ဆရာ/မလေးများသည် အသက်ကန့်သတ်ချက်များ ကျော်လွန်သွားပြီး ရေးဖြေစာမေးပွဲတွင်လည်း မအောင်မြင်ဖြစ်ခဲ့ရပါကြောင်း၊ ထို့ကြောင့် လာမည့် စာသင်နှစ်များတွင် မူလွန်ကျောင်း၊ မူလတန်းကျောင်းခွဲ၊ အထက်တန်းကျောင်းခွဲစသည့် ကျောင်းများတွင် ဆရာ အလုံအလောက် ခန့်ထားပေးရေးနှင့် သင်ပြခဲ့သည့် လုပ်အားပေး ဆရာ/မ များ၏ဘဝကို မည်ကဲ့သို့ အစီအစဉ်များ ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။