(ခ)-မိုးမိတ်မြို့နယ်၊ကင်းချောင်းရွာတံတားအမှတ် (၅/၂၄)ထိန်းသိမ်းရေး၊သစ်ဆိမ့်ကုန်းရွာ၊ပေကုန်းရွာ၊ နဘူးရွာရှိလယ်ယာမြေများပြန်လည်ဖော်ထုတ်ရေး၊ ကင်းချောင်းအား ရေစီးရေလာ ကောင်းမွန်ရေး ဘက်ဟိုးဖြင့် သဲ၊နုန်း ဆယ်ယူရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မိုးမိတ်မြို့နယ်၊ ကင်းချောင်းရွာ တံတားအမှတ်(၅/၂၄)ကို ၂၀၁၁-၂၀၁၂ ခုနှစ်က စတင် တည်ဆောက်ခဲ့ပါကြောင်း၊ တည်ဆောက်စဉ် ကာလက တံတားဘောင်နှင့် ရေမျက်နှာပြင်သည် ၁၂ ပေနှင့် ၈ လက်မ ကွာဝေးခဲ့ပြီး ယခုလေးနှစ်တာ ကာလအတွင်း တံတားဘောင်နှင့် ရေမျက်နှာပြင်သည် ၅ ပေ အကွာအဝေး ရှိသည့်အထိ မြင့်တက်လာခဲ့ပါကြောင်း၊ ယခုကဲ့သို့ ကြမ်းပြင် မြင့်တက်ခဲ့ခြင်းသည် မိုးကုတ်ကျောက်၊ ဆေးကြောင့်ဖြစ်သည်ဆိုသည်ကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၃၀-၅-၂၀၁၆ ရက်နေ့တွင် လွှတ်တော်ကို တင်ပြခဲ့ပြီး ၁-၈-၂၀၁၆ ရက်နေ့တွင် သဘာဝသယံဇာတ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သော်လည်း လက်တွေ့ ဆောင်ရွက်မှု မရှိခဲ့ပါကြောင်း၊ ထိုအချိန်က ရေမျက်နှာပြင်နှင့် တံတားဘောင်သည် ၇ ပေခန့်ရှိခဲ့ပြီး ယခုအချိန်တွင် ၅ ပေခန့်သာ ကျန်ရှိနေသည့်အတွက် မိုးတွင်းကာလ မရောက်ရှိမီ အချိန်မီတံတား အောက်ဘက်ကို ဘက်ဟိုးနှင့် ချောင်း ဖော်ရိုက်မည်ဆိုပါက တံတားကို ထိန်းသိမ်းရာရောက်ပြီး သစ်ဆိမ့် ကုန်းရွာ၊ နဘူးရွာ၊ ပေကုန်းရွာ၊ ကင်းချောင်းရွာ စသည့် ရွာများမှ ဧက ၃၀၀၀ ကျော် နစ်မြှုပ်နေသည့် လယ်ဧကများကို ပြန်လည်ဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း၊ သို့ပါ၍ နိုင်ငံတော်မှ မိုးမိတ်မြို့နယ်၊ ကင်းချောင်းရွာ တံတားအမှတ်(၅/၂၄)ထိန်းသိမ်းရေးနှင့် သစ်ဆိမ့်ကုန်း ရွာ၊ ပေကုန်းရွာ၊ နဘူးရွာများမှ လယ်ယာမြေများ ပြန်လည် ဖော်ထုတ်နိုင်ရေး၊ ကင်းချောင်းတံတား အောက်ဘက်ရှိ ကင်းချောင်းအား ရေစီးရေလာ ကောင်းမွန်ရေးတို့အတွက် ဘက်ဟိုးဖြင့် သဲ၊ နုန်းဆယ်ယူရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။