(ဃ)-၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် တည်ဆောက်သော ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ လုပ်ငန်းဖြစ်သည့် ဆိုလာ မီးလင်းရေးကို စာချုပ်ပါ စည်းမျဉ်း စည်းကမ်းနှင့် အာမခံတို့ ဖောက်ဖျက်သော ကုမ္ပဏီကို အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာမှာ ကျေးရွာထိပ် ဘုန်းကြီးကျောင်းတွင် ဆိုလာပြားရှစ်ချပ်၊ ဘတ္ထရီလေးလုံးနှင့် ရွာလယ်တွင် ဆိုလာပြားရှစ်ချပ်၊ ဘတ္ထရီလေးလုံးနှင့် အိမ်ခြေပေါင်း ၂၅၄ အိမ်ကနေ ဝိုင်းဝန်းသွယ်တန်းဆွဲခဲ့သည် Solor System ကို ၄၈.၂၆၀ သန်း ချထားခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းကို ဆောင်ရွက်ခွင့်ရခဲ့သည့် ကုမ္ပဏီက လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ခုနစ်ရက်သာ မီးလင်းခဲ့ပြီးသည်မှာ ယခုအချိန်အထိဖြစ်ပါကြောင်း၊
ထို့ကြောင့် သက်ဆိုင်ရာ ကုမ္ပဏီက လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်ပါအချက် အပိုဒ် ၁၄ တွင် အာမခံနှင့် လုပ်ငန်းလက်ခံ လွှဲပြောင်းသည့်နေ့မှ စတင်၍ ကျေးလက်မီးလင်းရေး လုပ်ငန်းအား နှစ်နှစ် အတွင်း ပျက်စီးယိုယွင်းမှုများရှိပါက လုပ်ငန်းလက်ခံသူမှ မိမိစရိတ်ဖြင့် ပြန်လည်ပြုပြင်ရန် ဖြစ်သော်လည်း ပြန်လည်ပြင်ဆောင်ရွက်ခဲ့ခြင်း မရှိပါကြောင်း၊ သို့သော် ၁၈-၃-၂၀၁၇ ရက်စွဲဖြင့် အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံ ပြန်လည်ပြင်ဆင် ပြီးကြောင်း အကြောင်းကြားခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ ပုံမှန်ပြန်လည် မီးလင်းနေသည်ကို တွေ့ရှိရပါကြောင်း၊
အလားတူ အိမ်မဲမြို့နယ်၊ ပွဲစားဂုံညင်းတန်းကျေးရွာတွင် အဆိုပါကုမ္ပဏီက ၂၀၁၄-၁၅ ဘတ်ဂျက်ဖြင့် အိမ်ခြေ ၃၉၀၊ ၇၄.၁၀၀ သန်းဖြင့် ဆောင်ရွက်ခဲ့သည်လုပ်ငန်းသည် ယနေ့အချိန်အထိ ပြန်လည်မီးလင်းခြင်း မရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် အဆိုပါကုမ္ပဏီက ရွာသားများကို ဘုတ်တစ်ဘုတ်ကို ငွေခုနစ်သိန်းပေးမှသာ ပြင်ဆင်ပေးမည်ပေးမည်ဟု လာရောက် ညှိနှိုင်းခဲ့သကဲ့သို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်က သက်ဆိုင်သည့်ပုဂ္ဂိုလ်များ ကလည်း တိုင်နှင့်ကြိုးများကို ကျေးရွာအလိုက် အကုန်အကျခံနိုင်သလားဟု လာရောက်ညှိနှိုင်းခဲ့ခြင်း မျိုးလည်း ရှိပါကြောင်း၊ သို့သော် ပွဲစားဂုံညင်းတန်းကျေးရွာက ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ကျေးရွာမီးလင်းရေးအတွက် တာဝန်ယူသည့်ကုမ္ပဏီကို စာချုပ်ပါအတိုင်း ပြင်ဆင်စေလိုကြောင်း ပြန်လည် သတိပေးခဲ့ပါကြောင်း၊ နိဂုံးချုပ်အားဖြင့် စာချုပ်ပါအချက်အလက်ကို ဖောက်ဖျက်သည့် ဘတ်ဂျက်အလွဲသုံးစားပြုထားသည့် ကုမ္ပဏီများကို မည်ကဲ့သို့ အရေးယူမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။