(င)-ကြို့ပင်ကောက် - အလယ်ကုန်း - ကျစွာ ရန်အောင်မြင် ဘုရား လမ်းမကြီးအား ပြန်လည် ပြုပြင်ပေးရန် နှင့် ၎င်းလမ်းမကြီး နှင့်ပတ်သက်၍ အလုံးစုံ စစ်ဆေးပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်ကောက်-အလယ်ကုန်း-ကျစွာ ရန်အောင်မြင် ဘုရားလမ်းသည် မြို့အရှေ့ဘက်၏ တစ်ခုတည်းသော လမ်းမကြီးဖြစ်သည့်အပြင် ခရိုင်ချင်းဆက် လမ်းနှင့် ဆက်စပ်နေသည့် လမ်းမကြီးလည်း ဖြစ်ပါကြောင်း၊ အကွာအဝေး မိုင်ပေါင်း ၁၂ မိုင် ရှည်လျားပြီး ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဟံသီရိကုမ္ပဏီနှင့် Famous Traid ကုမ္ပဏီ ကုမ္ပဏီနှစ်ခုတို့မှ ရန်ပုံငွေ ၈၃၆၄ သိန်းဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့ပါကြောင်း၊
၎င်းလမ်းမကြီးအား ကျောက်ချော လမ်းခင်းခြင်း လုပ်ငန်းကိုဆောင်ရွက်ပြီး တစ်နှစ်အတွင်း၌ပင် အရည်အသွေး ပြည့်မီခြင်း မရှိသည့်အတွက် ကျောက်ကြမ်း လမ်းမကြီးအဖြစ်သို့ ပြောင်းလဲလာ ပါကြောင်း၊ ထို့ကြောင့် အဆိုပါဒေသမှ ကျေးရွာအုပ်စု ရှစ်အုပ်စုမှ ဒေသခံများ အနေဖြင့် ခရီးသွားလာရာတွင် အခက်အခဲများ ကြုံတွေ့နေရခြင်း၊ မကြာမီကာလတွင်ပင် လမ်းအခြေအနေသည့် ပျက်စီးနိုင်မည့် အခြေအနေ ဖြစ်ပေါ်နေခြင်းတို့ကြောင့် မိမိထံသို့ တိုင်ကြားစာ၊ ကန့်ကွက်စာများ တင်ပြလာခဲ့ပါကြောင်း၊
ထို့ကြောင့် ၎င်းလမ်းမကြီးကို တာဝန်ယူ ဆောက်လုပ်ခဲ့သော ကုမ္ပဏီများအနေဖြင့် ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။