(က)-လေရှီးမြို့ မြန်မာ့ စီးပွားရေးဘဏ် (ငွေတိုက် ခွဲ) အား မြန်မာ့စီးပွားရေးဘဏ်ခွဲ အဆင့် တိုးမြှင့် ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-05-25

မေးခွန်း အကြောင်းအရာ 

u kyaw htayယခုမေးခွန်းသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ကတည်းက မေးမြန်းခဲ့သော မေးခွန်းဖြစ်ပါကြောင်း၊ လေရှီးမြို့နယ်သည် ဝေးလံခေါင်းပါးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော မြို့နယ်ဖြစ်သည့် အားလျော်စွာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၏ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်များ ထုတ်ယူရာတွင်လည်းကောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်သူများ ငွေအလွှဲအပြောင်းပြုလုပ်ရာတွင်လည်းကောင်း၊ ပြည်ပတွင် ပညာ သင်ကြားနေသော ကျောင်းသူကျောင်းသားများအတွက် ပညာသင်စရိတ်ပို့ပေးရာတွင်လည်းကောင်း၊ နိုင်ငံတော်မှ နှစ်စဉ် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငွေလွှဲငွေရင်းခွင့်ပြုငွေ ထုတ်ယူရာတွင် လည်းကောင်း ဟုမ္မလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ကို သွားပြီးထုတ်ယူနေရသည့်အတွက် မလိုအပ်ဘဲ ခရီးစရိတ်ကုန်ကျနေခြင်း၊ အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းထုတ်ယူရန် ခက်ခဲခြင်း၊ ငွေထုတ်ယူပြီးအခါတွင်လည်း လမ်းခရီး၌ ဝန်ထုပ်ဝန်ပိုးဖြစ်‌နေခြင်း စသည့် အခက်အခဲများ ရှိပါကြောင်း၊ သို့ရာတွင် မေးခွန်းကို တင်ပြပြီး နောက်ပိုင်း နှစ်လဝန်းကျင်ခန့်ကစပြီး ငွေလွှဲ၍ရပြီဟု သိရှိရသော်လည်း ငွေလွှဲလက်မှတ် တစ်စောင်တွင် အများဆုံးသိန်း ၂၀ ထက်ပိုပြီး လွှဲ၍မရသေးပါကြောင်း၊ လက်ရှိအခြေအနေတွင် မြို့နယ်ဘဏ်ခွဲစာရင်း ထိန်းသိမ်းမှုအဆင့် တိုးမြှင့်ခြင်းသာဖြစ်ပြီး ဘဏ်ခွဲအဆင့် တိုးမြှင့်ပေးခြင်း မရှိသေးပါကြောင်း၊ လေရှီးမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည်မှလွဲ၍ နယ်မြေဒေသအေးချမ်းပြီး လုံခြုံသည့် အဖြူရောင် နယ်မြေဒေသဖြစ်ပါကြောင်း၊ ထို့အပြင် မြို့နယ်အတွင်း၌ တပ်ရင်းတပ်ဖွဲ့စခန်းများ၊ မြို့နယ်အဆင့် ဖွဲ့စည်းပုံနှင့်အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့စစ်တမ်းစခန်းများ ချထားပြီး လုံခြုံမှုရှိသည့် မြို့နယ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာများနှင့် ပြည်သူများ၏ လိုအပ်ချက်ကိုထောက်ရှု၍ ဘဏ်ခွဲအဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။